မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေး တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းကို အလွယ်တကူ ရယူပြီး မီးရှို့ရှင်းလင်း

by

in

မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေး
တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းကို အလွယ်တကူ ရယူပြီး မီးရှို့ရှင်းလင်း
MN/MFP ၊ ဩဂုတ် ၁၄

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒီကနေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီစစ်အုပ်စုစခန်းကို ဒီကနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ဖို့သွားရောက်ခဲ့ရာမှာ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့် စခန်းကို အလွယ်တကူရယူနိုင်ခဲ့ပြီး မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်က စစ်အုပ်စုတွေဟာ ဩဂုတ်လ ၁၃ ရက် မနေ့ ကတည်းက စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
“အဲဒီ နန်းမြင့်တောင်ဂိတ်က စစ်အုပ်စုတွေ မနေ့ကတည်းက ထွက်ပြေးသွားတာတဲ့။ ဒီကနေ့ တော်လှန်ရေးတပ် ဖွဲ့တွေက တိုက်ခိုက်ဖို့သွားတဲ့အခါမှာ သူတို့(စစ်အုပ်စု) စခန်းစွန့်ထွက်ပြေးသွားလို့ မီးရှို့ရှင်းလင်းတာတွေ လုပ် ဆောင်ခဲ့တယ်လို့ ကြားရတယ်ဗျ။ တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်မှာ ကြောက်လို့ ထွက်ပြေးသွားကြတာ” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဆိုပါ နန်းမြင့်တောင် စစ်ဆေးရေးဂိတ်က စစ်အုပ်စုတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် သတင်းတွေ ဖော်ပြနေတဲ့ မြင်းခြံ News မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်ချိန်မှာ စစ်အုပ်စုတွေ တစ်ယောက်မှမတွေ့ရဘူးလို့လည်း ရေးသားထားတာတွေ့ရပါတယ်။
ဒီကနေ့ ဩဂုတ်လ ၁၄ ရက်မှာ အဲဒီ မြင်းခြံ-တောင်သာလမ်းပိုင်းပေါ်က နန်းမြင့်တောင်အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာတော့မရှိဘူးလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီကနေ့ မွန်းလွဲပိုင်းကလည်း မြင်းခြံ-တောင်သာ လမ်းပိုင်းရှိ နန်းမြင့်တောင်ခြေက တံတားကို မိုင်းခွဲခံလိုက်ရတာကြောင့် ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိ အဲဒီ မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာ လမ်းပိုင်းတွေကို အသုံးမပြုကြသေးဖို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေက သတိပေးထားတာတွေ့ရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ထားတဲ့ တောင်သာမြို့ပေါ်မှာလည်း ဒီကနေ့မှာ စစ်အုပ်စုက ကင်းပုန်းဝပ်တာ၊ အထပ်မြင့်တိုက်တွေပေါ်မှာ နေရာယူတာတွေ လုပ်ဆောင်နေသလို ဘိုးဘွားရိပ်သာ၊ တရုတ်သ ဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဂိတ်တွေနဲ့ မြို့အဝင်အထွက်တွေမှာ အစစ်အဆေးတွေ တင်းကြပ်နေတယ်လို့ လူထုလှုပ် ရှားမှု ကော်မတီ တောင်သာက ဖော်ပြထားပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် ဩဂုတ်လ ၁၀ ရက်က စတင်ပြီး တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး မှာရှိတဲ့ စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဒီကနေ့ဆိုရင် ငါးရက်မြောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီအထူးစစ်ဆင်ရေးကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွေမှာ ရှိတဲ့ ဌာနဆိုင်ရာ တွေဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် စစ်အုပ်စု အုပ်ချုပ်ရေး ယန္တရားလည်းရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
ပုံစာ။ စစ်အုပ်စု စခန်းစွန်ခွာထွက်ပြေးသွားတဲ့ နန်းမြင့်တောင် စစ်ဆေးရေးဂိတ်
ဓာတ်ပုံ။ မြင်းခြံ News
#Mandalay_Free_Press_MFP