ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာဝန်းရှိ မြို့ဦးပရိပတ္တိစာသင်တိုက်အတွင်းမှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီက ကျောင်းထိုင်ဆရာတော် သီတင်းသုံးနေထိုင်တဲ့ အခန်းဘေးမှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် အခင်းဖြစ်နေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ ဒကာတဦးက ပြောပါတယ်။
“ဆရာတော် သီတင်းသုံးနေထိုင်တဲ့ အခန်းဘေးက ဗုံးပေါက်တာ၊ အဲ့နေရာမှာပဲ ဆရာတော် ပျံလွန်တော်မူသွားတာ။ စစ်တပ်ရော၊ ရဲရော လာပြီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကျောင်းတိုက်အတွင်းမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေကို စစ်တပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဗုံးပေါက်တဲ့အသံကြားမှ ဘုန်းကြီးတွေ၊ ကိုရင်တွေက သိတာ။ သူတို့လည်း တိတိကျကျ မသိဘူး။ အဲဒါကို စစ်တပ်က အတင်းကာရော စစ်ဆေးနေတာ။ ဘုန်းကြီးကျောင်းမှာလည်း အစောင့်တွေ ချထားတယ်” လို့ ပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော်မှာ သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ ဝါရှိပြီဖြစ်တဲ့ ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ ဖြစ်တယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်ရုံးမှာ ရေဘေးသင့်တွေအတွက် လာလှူထားတဲ့ ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲပြီး အုပ်ချုပ်ရေးအဖွဲ့က ၁၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့ဦးပရိပတ္တိစာသင်တိုက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့၊ ဘယ်သူတွေက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။