တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်
နိုဝင်ဘာ ၁၈၊ ၂၀၂၄
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီကို စတင်တော်လှန်စဉ်က တစ်တောင့်ထိုး၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်ရိုင်ဖယ်တွေနဲ့အတူ စစ်ကောင်စီထံက ရရှိတဲ့ လက်နက်တွေနဲ့ ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။
လက်နက်ပြည့်စုံမှုဟာ တပ်ဖွဲ့တိုင်းမှာ မဟုတ်ပေမယ့် အများစုမှာတော့ ပြည့်စုံလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာတယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။
ကာလရှည်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တာကြောင့် စစ်လက်နက်ခဲယမ်း လိုအပ်ချက်တွေကတော့ တပ်ဖွဲ့တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဆဲလို့လည်း CDM အရာရှိတွေက ဆိုပါတယ်။
“ ရှေ့တန်းမှာ ပစ်နေရင်းနဲ့ တစ်ခုခု ဂျန်းဖြစ်သွားတာမျိုးဆိုရင် နောက်ထပ်အစားထိုးဖို့ အဆင်သင့်ရှိတာမျိုးတွေလည်း တွေ့လာရတယ်” လို့ CDM ဗိုလ်မှူးထင်လင်းအောင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်လော်ဘီတချို့မှာ PDF တိုက်ဖွဲ့တွေဟာ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်ရင် တပ်ဖွဲ့ဝင် ၁၀၀ မှာ ၃၀ လောက်သာ လက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ပြောကြားလာမှုကို CDM အရာရှိတွေက တုန့်ပြန်ပြောကြားလိုက်တာပါ။
ကမ္ဘာတဝှမ်းလုံးက မြန်မာတွေ၊ ပြည်တွင်းပြည်ပ ထောက်ပို့တပ်သားတွေထံက စုဆောင်းရရှိငွေဟာ တစ်လလမှာ ပျမ်းမျှဒေါ်လာ ၈သိန်းလောက်ရှိပြီး ဒီငွေတွေကို NUG လက်အောက်ခံ PDF တပ်ရင်းတွေဆီ ရက်၄၀ တစ်ကြိမ် သို့မဟုတ် ရက် ၅၀ တစ်ကြိမ် ပြန်လည်ခွဲဝေပေးနေပြီး တစ်ကြိမ်ခွဲဝေပေးရင် ဒေါ်လာ တစ်သန်းခန့်ရှိရာ လိုငွေကို ပြည်ထောင်စုရံပုံငွေကနေ စိုက်ထုတ်ကျခံပေးကြောင်း NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြီးခဲ့တဲ့ရက်က တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။
PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းချေမှုန်းရေးတိုက်ပွဲတွေ၊ ပြောက်ကျား ပစ်ခတ်မှုတွေ၊ မဟာဗျူဟာ အရေးကြီး ပစ်မှတ်တွေဖြစ်တဲ့ လေတပ်စခန်း နဲ့ လက်နက်စက်ရုံ တိုက်ခိုက်မှုတွေကလည်း ကုန်ကျစရိတ် အများအပြားရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ NUG လက်အောက်ခံနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြေပြန့်ဒေသက မြို့ (၈) မြို့ ကို သိမ်းပိုက်ထားပြီး နောက်ဆုံးမြို့သိမ်းတိုက်ပွဲ အဖြစ် ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပင်လယ်ဘူးမြို့ကို ရက်ပေါင်း ၅၀ ကျော်ကြာတိုက်ခိုက်ခဲ့ရပြီး အောက်တိုဘာလ ၈ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုလဲအခြေစိုက် တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ တပ်တွေဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်ကောင်စီရဲ့ သာလွန်အင်အားကြောင့် မြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။
Photo-MDY PDF