ပုလဲမြို့သိမ်းတိုက်ပွဲမှာ အေအေက တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်
BVJ/KNT _ နိုဝင်ဘာ ၁၃၊ ၂၀၂၄
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) က တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပုလဲမြို့နယ်၊ BNRA တိုက်ပွဲဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ပုလဲမြို့သိမ်းတိုက်ပွဲမှာ AA က တပ်ရင်းတစ်ရင်းစာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်လုပ်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေဘက်က စစ်ရေးအရ အသာစီးရနေတယ်” လို့ပြောပါတယ်။
ပုလဲမြို့ကို နိုဝင်ဘာ ၁၁ ရက်ကစတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီး ဒီနေ့ဆိုရင် ၃ ရက်ရှိပြီဖြစ်ကာ နှစ်ဘက်အပြင်းအထန်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။