မြို့တော်ဟားခါးအနီး CDF နှင့် တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၅၀ ကျော်သေ၊ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ဟုဆို

by

in

မြို့တော်ဟားခါးအနီး CDF နှင့် တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၅၀ ကျော်သေ၊ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ဟုဆို
ပါခွီး

(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့မှ နိုဝင်ဘာလ ၁၂ အထိ လေးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစီးကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ဟားခါး တာဝန်ရှိသူ မဇ္ဈိမကို ပြောသည်။
ထို့ပြင် စစ်ကောာင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၄ ဦးထက်ရှိကြောင်းလည်း ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကာလအတွင်း ရဲ ၁၃ ဦးနှင့် စစ်သားလေးဦး လက်နက်ချ အလင်းဝင်လာခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် လက်နက်များနှင့် တိုက်ပွဲများအတွင်းသိမ်း ဆည်း ရရှိခဲ့သော လက်နက် ၄၃ လက် ရှိခဲ့ကြောင်း သိရသည်။
လက်နက်နှင့် အလင်းဝင်လာသူများကို လက်နက်နှင့် ခဲယမ်းပေါ်မူတည်၍ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ထိ ဆုငွေများချီးမြှင့်ခဲ့ပြီး ၎င်းတို့အားလုံးကို လုံခြုံစိတ်ချရသည့် ဘေးကင်း ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျည်ထိမှန်သွားသော ရဟတ်ယာဉ်မှာ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အောက်တိုဘာလ ၁၀ရက်နေ့ တွင် ပစ်ခတ်ခဲ့ခြင်းဟု CDF – Hakha တာဝန်ရှိသူက ယခုလို ပြောသည်။
“ကလေးမြို့ကနေ ဟားခါးကိုလာတဲ့ရဟတ်ယာဥ်ကို ဟားခါးကနေပြန်အတက် ကျနော်တို့စောင့်နေတဲ့နေရာအနီးကပျံသွားတဲ့အချိန် ပစ်ခတ်ခဲ့တာပါ ၊ ရဟတ်ယာဥ် ကိုယ်ထည်ကို ထိမှန်သွားတဲ့ဟာကို ကျနော်တို့ ဖုန်းနဲ့ မှတ်တမ်းယူထားတဲ့သက်သေ တွေရှိပါတယ်” ဟု CDF – Hakha တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ထိုရဟတ်ယာဥ်သည် ကလေးမြို့အရောက် ဆင်းသက်နိုင်ခဲ့သော်လည်း နောက်တကြိမ်ဆက်လက်ပျံတက်၍ မရတော့ဘဲ ပျက်စီးသွားကြောင်း ယင်းနေ့ ခရီးစဥ်များကို သိရှိထားပြီး CDM ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်းက ပြောသည်။
အဆိုပါ ရဟတ်ယာဉ် ထိမှန်ပျက်စီးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်တော့ မရသေးပါ။
ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသည့် ထန်တလန်မြို့ဘက်သို့ ဟားခါးမြို့မှ စစ်ကူများ မပို့နိုင်အောင် စစ်ကူလမ်းကြောင်းကိုလည်း တားဆီးပိတ်ပင်နိုင်ခဲ့သည် ဟု CDF – Hakha က ပြောထားသည်။
လက်ရှိမှာ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးခြင်းမရှိဘဲ မြို့ပေါ်တွင်သာတပ်စွဲလျက်ရှိကာ တိုက်ပွဲများ ခေတ္တငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း – ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း၊လက်နက်များနှင့် တိုက်ပွဲ CDF တပ်ဖွဲ့ဝင်များ/(ဓာတ်ပုံ – CDF – Hakha)
#မဇ္ဈိမ
#CDF
#ဟားခါး
#ထန်တလန်
#ချင်း