မြန်မာ့အရေး ဆွေးနွေးဖြေရှင်းဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း

by

in

အမေရိကန် သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှား သမ္မတ Prabowo Subianto တို့ မနေ့က ဝါရှင်တန်မြို့တော် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်မလာခင် ရက်ပိုင်းကပဲ အင်ဒိုနီးရှား သမ္မတဟာ တရုတ်နဲ့ တောင်တရုပ်ပင်လယ်အတွင်း ရေကြောင်း ဖွံဖြိုးရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ VOA အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

မြန်မာ့အရေး ဆွေးနွေးဖြေရှင်းဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက တွေ့ဆုံ ဆွေးနွေးမှုဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ Joe Biden နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေးပြေလည်ရေး အာဆီယံက အဓိက ဦးဆောင်လုပ်ဆောင်နေမှုကို အမေရိကန်က ထောက်ခံကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်ရေးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်နေမှူတွေကို အမေရိကန်က အပြည့်အဝ ထောက်ခံကြောင်း သမ္မတ Biden က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့အတွက်လည်း ခေါင်းဆောင် ၂ ဦးက တောင်းဆိုလိုက်ပါတယ်။ အရပ်သားတွေကို အကာကွယ်ပေးတဲ့ တချိန်ထဲမှာဘဲ ဘေးဒုက္ခရောက်နေသူတွေထံ စာနာမှုအကူအညီတွေ ပို့ပေးနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့လည်း တောင်းဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေမယ့် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပြီး အားလုံး ပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာအောင် လုပ်ဆောင်ဖို့အတွက်လည်း ခေါင်းဆောင် ၂ ဦးက တောင်းဆိုပါတယ်။
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ Prabowo ဟာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က သမ္မတ Biden နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ခေါင်းဆောင် ၂ ဦးက အဲဒီလို ပြောကြားလိုက်တာပါ။
အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ဖို့ ဒေသတွင်းနိုင်ငံတွေထဲမှာ ဖိဖိစီးစီး ပြောဆို ဆွေးနွေးနေတဲ့ နိုင်ငံတခုဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် မြန်မာ့အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံရေး ကြားဝင် ဆောင်ရွက်ပေးခဲ့ပါတယ်။
သမ္မတ Biden နဲ့ အိမ်ဖြူတော်မှာ မတွေ့ဆုံခင်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတလောင်း Donald Trump ကို အင်ဒိုနီးရှားသမ္မတက တယ်လီဖုန်းနဲ့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။