ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

by

in

ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ် ၂၀၀ ဦး ရှာဖွေပေးရန် စစ်တပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့ တောင်းခံလာ​ကြောင်း၊ ယခုနိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လိုအပ်သော တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသေး၍ အမြန်ဆုံး ပြည့်မီအောင် ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ပေးလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
“မန္တလေး၊ မဟာအောင်မြေမှာ အခြေအနေ အရမ်းဆိုးနေတယ်။ လူငယ်တွေကို လမ်းပေါ်မှာလည်း ညီလေး ခဏ ဆိုပြီး ခေါ်သွားတာ စုံစမ်းမရတော့ဘူး။ ဆေးသမား၊ ခြေလက်မသန်တာကော ရောဂါအခြေအနေတော်တော်ဆိုးတဲ့သူတွေကော အကုန်သိမ်းကျုံးပြီး ပေါ်တာဆွဲနေတယ်။ စစ်မူ ထမ်း အတွက် လူမပြည့်လို့ဆိုပြီး မနက်ပိုင်း၊ ညပိုင်း အကုန်ဝင်ဆွဲနေတာ။ မနက်ပိုင်းကြီး ဧည့်စာရင်းဆိုပြီး ဝင်လာပြီး တက်ဆွဲနေတာပဲ။ လူငယ်တွေ ရပ်ကွက်တွေမှာတောင် မနေရဲအောင်ဖြစ်ပြီးတော့ ရှောင်နေရတယ်” ဟု မန္တလေး၊ မဟာအောင်မြေမှ သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အကွက် ၈၆၈ ရပ်ကွက်တွင် ကွပ်စိတ်မှူး စိုးဝင်း ဦးဆောင်ပြီး ရဲ ၁၅ ဦးနှင့် ပျူစောထီးများက ဧည့်စာရင်း အကြောင်းပြ၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးတတ်နိုင်သူများကို ငွေညှစ်မှုများ အကြီးအကျယ်လုပ်ဆောင် နေကြောင်း၊ “ပေါ်တာဆွဲရင်း ငွေရှာ၊ ငွေရှာရင်း တပ်သားသစ် စုဆောင်းမှုများ ” ကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့၊ ရဲနှင့် ပျူစောထီးများက လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
ထို့အတူ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး ချစ်စန်းက လူငယ်များကို အတင်းအကျပ် ဖမ်းဆီးနေကြောင်း၊ ကမ်းနားလမ်းမှ လူမိုက် ကျင်ဟုတ်၊ သန်းမင်းလတ်၊ ကိုလတ် အပါအဝင် လူမိုက်နှင့်ပျူစောထီးများကလည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေကြောင်း သိရှိရသည်။
“ဆင်းရဲတဲ့ လူငယ်လေးတွေကို ပေါ်တာဆွဲတယ်။ အင်းစိန်ကမ်းနားစျေးမှာ စျေးရောင်းတဲ့ ပဲပြုတ်သည်ရဲ့သားကို အလုပ်ရမယ်ဆိုပြီး စစ်သားစုဆောင်းရေးတပ်ကို ပို့လိုက်တယ်။ ပဲပြုတ်သည်က ငါ့သားဘယ်မှာလဲမေးတော့မှ “လစာပို့လိမ့်မယ်မပူနဲ့/ စစ်သားစုဆောင်းရေးပို့လိုက်ပြီ” ဆိုပြီး ပြောတာ။ ပဲပြုတ်သည်မှာ လမ်းမပေါ်မှာ ငိုတာ။ အခုက အင်းစိန်ကမ်းနားမှာ ကမ်းနားလူမိုက်ကျင်ဟုတ်၊ သန်းမင်းလတ်၊ ကိုလတ်တို့လို လူမိုက်နဲ့ ပျူစောထီးတွေကြောင့် ရမ်းကားနေကြတာ။”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
စစ်မှုထမ်းရန် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးနေသော ရပ်ကွက်များတွင် အင်းစိန်မြို့နယ်၊ ပတ္တမြာ၊ နီလား ၊ ကျောက်ချင်ကန်။ရွှေဥုဒေါင်းရပ်ကွက်များဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသောင်းထွန်းက လူငယ်များ စစ်မှုထမ်းရန်အတွက် မဲနှိုက်ရမည်ဖြစ်ကြောင်း ၊ ၆၀ ရပ်ကွက်မှ လူငယ် ၁၅၀ ကျော် စစ်တပ်က တောင်းခံလာကြောင်း ပြောဆိုသည်။
” ဒဂုံဆိပ်ကမ်း ၆၀ ရက်ကွက် မှာစစ်မှုထမ်းဖို့ လိုက်ပြီး ခေါ်နေကြတယ်။ ရပ်ကွက်လူကြီး ဦးသောင်းထွန်း က သူ့သားတွေတော့ တစ်‌ယောက်မှ စစ်ထဲမထည့်ဘူး။ ၆၀ ရပ်ကွက်မှာ မေတ္တာ ၂ လမ်း အပိုင် ၃ တစ်ပိုင်းလုံး လူ ၁၅၀ ကျော် စစ်မှုထမ်းဖို့ စာရင်းတောင်းနေပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သတင်းရင်းမြစ်က ပြောဆိုသည်။
ယခုဖွင့်လှစ်ရန် ပြင်ဆင်နေသည့် စစ်မှုထမ်း အပတ်စဉ် ၇ တွင် တပ်သားသစ်အရေအတွက် နည်းပါးနေသေး၍ တစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။