ပခုက္ကူမှာ လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊ စစ်အုပ်စုကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် လေကြောင်းဗုံးကြဲခံရတာဖြစ်၊

by

in

ပခုက္ကူမှာ လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊
စစ်အုပ်စုကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် လေကြောင်းဗုံးကြဲခံရတာဖြစ်၊
အီသာရမ်/MFP၊ နိုဝင်ဘာ- ၁၀

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲလို့ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးတယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က MFP ကို ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်သုံးဦး ကျဆုံးတာလို့ ဆိုပါတယ်။
မြစ်ခြေတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ က စစ်အုပ်စုနဲ့ နယ်ခံ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ အတွက် ကင်းပုန်းဝပ်နေတဲ့အချိန် ဗုံးကြဲခံရတာလို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က ပြောပါတယ်။
“အမှန်တော့ Mission (မစ်ရှစ်- စစ်ဆင်ရေး သတင်း) ပေါက်တာပေါ့၊ မစ်ရှင်က အားလုံး ဖျက်သိမ်းပြီး နောက်ပိုင်းမှာ နောက်ရက်မှာ ဖြစ်တာပေါ့။ ကင်းဝပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့၊ လေယာဉ်နဲ့ ပစ်တာ ကလေးတွေက ကံဆိုးတော့ အုတ်တံတိုင်းရဲ့ အပြင်ဘက်မှာ ဝပ်တာပေါ့ဗျာ၊ ဘုရားနဲ့ အုတ်တံတိုင်းနဲ့ ကြားကို လေယာဉ်ပေါ်က ပစ်တဲ့ ဗုံးက ကျတာပေါ့ဗျာ၊ ပေါင် ၂၅၀ လောက်ရှိမယ်၊ အဲဒါ သုံးယောက်လုံး အသက်ပေးဆပ် လိုက်ရတယ်” လို့ ကိုနောင်က ပြောပါတယ်။
ကျဆုံးတဲ့ ရဲဘော်သုံးဦးဟာ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်စိတ်မှူး ဒေါင်းသွေး၊ ရဲဘော် မီးလက်ဝါးနဲ့ ရဲဘော်ဆင်ကြီး တို့ ဖြစ်ကြပြီး ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အတွက် ဆုံးရှုံးမှု ကြီးမားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လေကြောင်း ဗုံးကြဲသလို မြေပြင် စစ်ကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၆ ရက် ညနေ ၅နာရီခန့်မှာ စစ်အုပ်စု စစ်ကြောင်းဟာ ရှင်မကန်ရွာ ပျူစောထီးစခန်းထဲ ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ပခုက္ကူမှာ စစ်အုပ်စုက မြို့အနီးမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး အထိုင်ချ တပ်စွဲကာ နယ်မြေ ပြန်လည် စိုးမိုးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အခု တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေဟာ ပခုက္ကူမြို့ အနောက်ဘက်က ကျေးရွာတွေ ဖြစ်ပြီး ပခုက္ကူမြို့ အရှေ့ဘက်က ကျေးရွာ ၁၅ ရွာကိုလည်း အောက်တိုဘာလ ၂၁ ရက်က စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး အထိုင်ချ တပ်စွဲတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ဒီနေ့အချိန်ထိ အိမ်မပြန် နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းဗုံးကြဲခံရလို့ ကျဆုံးတဲ့ ရဲဘော် သုံးဦးနဲ့ ဗုံးထိမှန် ပျက်စီးတဲ့နေရာကို တွေ့ရစဉ်/Photo – ပေးပို့

ဘုတလင်မှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ထားတဲ့ အလောင်း ထပ်တွေ့၊
စစ်အုပ်စု သတ်လို့ သေဆုံးသူ ၂၆ဦး၊ မီးလောင်ပြာကျတဲ့ အိမ် ၅၀၀ နဲ့ ဓားစာခံ ဖမ်းခံရသူ ရာချီရှိနေ၊
ဘုန်းစိုး/ MFP ၊ နိုဝင်ဘာ – ၁၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သပြေပင်ရွာအနီးမှာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ အလောင်း တစ်လောင်း နိုဝင်ဘာလ ၉ရက် မနေ့က ထပ်မံ တွေ့ရှိရပြီး သေဆုံးသူဟာ သဖန်းကျေးရွာက ပြည်သူ အသက် ၅၀ အရွယ် ကိုတိုးတိုးမင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဘုတလင်မြို့ရဲ့ အရှေ့ဘက်က အိမ်ခြေ ၂၆၀ ရှိတဲ့ သဖန်းကျေးရွာကို စစ်အုပ်စုက နို၀င်ဘာလ ၅ရက်က စတင်ကာ စီးနင်းပြီး ဒေသခံ ပြည်သူ တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ စစ်အုပ်စုဟာ သဖန်ကျေးရွာထဲ သုံးရက်ကြာ တပ်စွဲပြီး ထင်တိုင်းကျဲ ဖောက်ထွင်း လုယက် ဖျက်ဆီးကာ နို၀င်ဘာလ ၇ရက်မှာ ရွာကို တစ်နာရီကျော်ကြာ မီးရှို့ ဖျက်ဆီးပြီးနောက် ပြန်ထွက်သွားတာ ဖြစ်ပါတယ်။
စစ်အုပ်စု ပြန်ထွက်သွားချိန် ဒေသခံတွေက ကျေးရွာအတွင်း ဝင်ရောက် မီးငြှိမ်းသတ်နိုင်ခဲ့လို့ ရွာလုံးကျွတ် ပြာမကျဘဲ အိမ်ခြေ ၃၇လုံးသာ မီးလောင်ပြာကျခဲ့ပြီး အပျက်အစီးတွေ ရှင်းလင်းရင်းက အလောင်းတွေ တွေ့ရတာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၈ရက် မနက်ပိုင်း အဲ့ဒီ သဖန်းရွာထိပ်မှာ စစ်အုက်စုက ဖမ်းဆီးပြီး သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အသက် ၇၀ အရွယ် ဦးစန်းလွင်ရဲ့ အလောင်းကို တွေ့ရှိပြီး နိုဝင်ဘာလ ၉ရက် မနေ့က သဖန်းရွာနဲ့ သပြေပင်ရွာကြားမှာ စစ်အုပ်စုက ဖမ်းဆီးပြီး သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အသက် ၅၀အရွယ် ကိုတိုးတိုးမင်းရဲ့ ရုပ်အလောင်းကို တွေ့ရတာလို့ ဒေသခံတစ်ဦး ပြောပါတယ်။
“ဓားစာခံ ဖမ်းခေါ်လာပြီးမှ ပစ်သတ်လိုက်တဲ့သဘော ရှိတယ်၊ လက်ပြန်ကြိုး တုပ်ခံထားရတာ၊ အလောင်းက ပုတ်ပွနေပြီ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်အုပ်စုဟာ ဘုတလင်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ခိုးရာပါ ပစ္စည်းတွေကို ဘုတလင်မြို့ထဲကို ပြန်ပို့လိုက်၊ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ တွေ့သမျှလူကို သတ်ဖြတ်၊ ဖမ်းဆီး၊ လုယက်၊ မီးရှို့လိုက် လုပ်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အောက်တိုဘာလအတွင်း ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ပြည်သူ ၂၄ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို အိမ်ခြေ ၅၀၀ ဝန်းကျင်ကိုလည်း မီးရှို့ ဖျက်ဆီး ခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စု လက်ထဲ ဓာစားခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၁၀၀ ခန့် ရှိနေပြီး အဲ့ဒီ ဓားစာခွ ပြည်သူတွေကို စစ်အုက်စုက ခိုးရာပါ ပစ္စည်းတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ သယ်ပိုးခိုင်းစေကာ အသက်အရွယ် ကြီးရင့်သူ တချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဘုတလင်နယ် ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။
ဘုတလင်နယ်က ပြည်သူတွေ စစ်ပြေးနေရတာ လနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်နေသလို ယခုရက်ပိုင်း မိုးရွာသွန်းနေလို့ ဖျားနာတာနဲ့ ရာသီ တုပ်ကွေး ရောဂါတွေ ခံစားနေရကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ဘုတလင်မြို့နယ် သဖန်းရွာက ပြည်သူနှစ်ဦးနဲ့ ဘုတလင်နယ်ထဲ စစ်ကြောင်း ထိုးကာ လူသတ်၊ လုယက် မီးရှို့နေတဲ့ စစ်အုပ်စု/ Photo – CJ