မိတ္တီလာရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉) ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ

by

in

Update News- မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
ရန်ကုန်၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ယနေ့ နံနက်ပိုင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ရှမ်းတဲလေတပ်သို့ ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခြားသော တပ်ရင်းစခန်းများဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။
“ရှမ်းတဲလေတပ်အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်တွေလည်း အပစ်ခံရတယ်လို့ သိရတယ်။ ရှမ်းတဲလေတပ်ထဲကိုတော့ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတာ အတည်ပြုလို့ရတယ်။ ထိခိုက်မှုဘယ်လောက်ရှိလဲ မသိရသေးဘူး” ဟု မိတ္တီလာ​ဒေသသတင်းရင်းမြစ်က ဆိုသည်။
လတ်တလော မိထ္တီလာတွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး မိတ္တီလာမြို့နယ် ပတ်ဝန်းကျင်မှ ကျေးရွာများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုး စီးနင်းခံရမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း ယင်းဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပစ်သွားတာကတော့ မြို့ပြင်တွေကနေ ပစ်သွားတာလို့ ယူဆနေကြတယ်။ မြို့ပြင်ဘက်က ရွာတွေကို ရမယ်ရှာ စစ်ကြောင်းထိုးလာမှာ ကြောက်နေရတယ်” ဟု မိတ္တီလာမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မိတ္တီလာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

မိတ္တီလာရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မ(၉၉) ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ
အင်ကြင်း/People’s Spring

မိတ္တီလာမြို့ရှိ စစ်ကောင်စီ၏ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ယနေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်း၊ မိတ္တီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်မြို့လုံး သိသာစွာ ကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
“စုစုပေါင်း၂၄လုံးပါ။ အိမ်တွေတောင် တုန်သွားတယ်။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။
ရှမ်းတဲလေတပ်ပစ်ခတ်ခံရမှုမှန်ကန်ပြီး စစ်ကောင်စီက သတင်းဖုံးဖိထား၍ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။
ထို့အပြင် မိတ္ထီလာမြို့အခြေစိုက်ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံက ပြောသည်။
” အမျိုးသမီးနဲ့ကလေးတွေ အထုပ်ဆွဲပြေးဖို့ ဘာညာလုပ်ကြသေးတယ်”ဟု ၎င်းက ပြောသည်။
” ထီလာဆည်မြောင်းဘက်က ပလစ ၃တပ်ကိုပစ်တယ်လို့ အစောပိုင်းက နဦးတုန်းကထင်ကြတာ။ အဲတပ်ဘက် ပစ်တာမဟုတ်ဘူး အဓိကက (၉၉)နဲ့ ရှမ်းတဲပစ်တာ”ဟု ဒေသခံက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သာယာမြောက်၊ မကျီးစုရွာအနီးနှင့် စစ်ကောင်စီ၏ ကင်းများရှိရာသို့ ကျရောက်သည်ဟု ကြားသိရကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။
“ရွာဘက်ကနေတော့ ကြားလိုက်ရတယ်။ ဘာမှန်းမသိတာ။”ဟု မိတ္ထီလာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် အချို့ကလည်း ရှမ်းတဲ​လေတပ် တိုက်ခိုက်ခံရမှုကို အတည်ပြု​သော်လည်း လူ​နေရပ်ကွက် များအတွင်းသာကျသည်ဟု​ရေးသား ဝါဒဖြန့်​နေကြသည်ကို​တွေ့ရသည်။
ရှမ်းတဲလေတပ်စခန်းသည် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများရှိ ကျေးရွာများအား လေ
ကြောင်းတိုက်ခိုက်နေသည့် လေတပ်စခန်းတစ်ခုဖြစ်သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။
နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်း၊ နိုဝင်ဘာ ၉ ရက်တွင် မှော်ဘီလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။
(မိတ္တီလာမြို့ရှိ စစ်ကောင်စီ၏ ရှမ်းတဲလေတပ်စခန်းအား တွေ့ရစဥ်/ ​ရှော့တိုက်ဒုံးပစ်ခတ်​နေစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်)/ တပ်မ ၉၉ လက်​မောင်တံဆိပ်။ ။ ဓာတ်ပုံ – CJ)