Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိတ္တီလာဒေသပြည်သူများနှင့် တပ်ဘက်သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။
ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မိတ္တီလာ ရှမ်းတဲလေတပ်စခန်းအတွင်းသို့ ဦးတည်သော ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လတ်တလော ထိခိုက်မှုများရှိသည်ဟု သိရှိထားပြီး အသေးစိတ်အခြေအနေများ မသိရှိရသေးကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
“ရှမ်းတဲလေတပ် ဒုံးနဲ့ အပစ်ခံရတာတော့ မှန်တယ်။ အသေးစိတ် ဘာမှ မသိရသေးဘူး။ အခုနောက်ပိုင်းမှာ လေတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့အပစ်ခံရရင် အပြင်ကို သတင်းမထွက်ဘူး။ တပ်အချင်းချင်းလှမ်းမေးရင်တောင် မဖြေကြတော့ဘူး” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ဆိုသည်။
မိတ္တီလာဒေသပြည်သူများကလည်း ယနေ့ နံနက်ပိုင်းတွင် ရှမ်းတဲလေတပ်စခန်းအတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ လက်ရှိ မိတ္တီလာမြို့တစ်ဝန်းတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများရှိနေကြောင်း ပြောဆိုကြသည်။
“ဒီမနက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်တယ်။ လေတပ်ပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေကြားရတာ။ ဆက်တိုက်ပဲ။ ဒီမနက်ပိုင်း မြို့လယ်တံတား၊ မိတ္တီလာမြို့ထဲပတ်ဝန်းကျင်တချို့ကို ပိတ်ဆို့ စစ်ဆေးတာရှိတယ်” ဟု မိတ္တီလာမြို့ခံတစ်ဦးက ဆိုသည်။
ယခုနိုဝင်ဘာ ၅ ရက်နေ့ ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် မှော်ဘီလေတပ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။