မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော

by

in

မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော

YT

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီလေတပ်ဝင်းအတွင်းကို မစ်ဇိုင်းဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ (USO) က ထုတ်ပြန်သည်။

USO က ၎င်းတို့​၏ ၁၄ ခုမြောက် မစ်ရှင်အဖြစ် ယနေ့(နိုဝင်ဘာ ၉ ရက်) နံနက် ၁ နာရီဝန်းကျင်အချိန်တွင် မှော်ဘီလေတပ်အတွင်းရှိ လေယာဉ်ဂိုထောင်နှင့် အရာရှိနေအိမ်များကို ပစ်မှတ်ထား၍ တာဝေးပစ် မစ်ဇိုင်းဒုံးလေးလုံးဖြင့် တိုက်ခိုက်ခြင်းဟု သိရသည်။

” အဆင့်မြှင့်ထားတာမို့ ၁၀၇ ထက်တော့ ပိုပြီး ကောင်းပါတယ်။ လေးလုံးစလုံး အောင်မြင်ပါတယ် တပြိုင်တည်းပါ။ ထိခိုက်ပျက်စီးမှုတော့ အသေးစိတ် စုံစမ်းနေဆဲပါ။ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်၊ ညတွင်းချင်း ပိတ်ဆို့ စစ်ဆေးမှုတွေ ဧည့်စစ်မှုတွေရှိတယ်လို့ မြေပြင်သတင်းအရတော့ သိထားပါတယ်” ဟု USO ပြန်ကြားရေးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးမှုများကို မသိရသေးသော်လည်း ပစ်မှတ်ကို ထိမှန်ခဲ့သဖြင့် အထိအခိုက်ရှိနိုင်ကြောင်းနှင့် တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ၊ ဧည့်စာရင်းစစ်မှုများ ပြုလုပ်ခဲ့သည်ဟု USO က ဆိုသည်။

အလားတူ ယမန်နေ့(နိုဝင်ဘာလ ၈ ရက်) ည ၇ နာရီအချိန်ကလည်း မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံး၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

USO အဖွဲ့သည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီအထိုင်ချနောက်တန်းနေရာများ၊ အိမ်ရာများကို မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ညပိုင်းကလည်း မှော်ဘီဗိုလ်သင်တန်း ကျောင်းကို ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဓါတ်ပုံ- မှော်ဘီလေတပ်အား Google Map မှတဆင့် မြင်ရပုံ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၉
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ကြောင်း မြို့ပြအထူးစစ်ဆင်ရေး (U.S.O) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၂ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို မြို့ပြစစ်ဆင်ရေးအဖြစ် တာဝေးပစ်မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေယာဉ်ဂိုဒေါင်နှင့် အရာရှိနေအိမ်များထိခိုက်နိုင်ကြောင်း၊ စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်နေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒုံး ၄ လုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ U.S.O စစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြို့ပြအထူးစစ်ဆင်ရေး (U.S.O) မှ တာဝန်ရှိသူက ရှင်းပြသည်။
မှော်ဘီလေတပ်အနီးနေထိုင်သူများက ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ပေါက်ကွဲသံများ လေတပ်အတွင်းမှ ထွက်ပေါ်ခဲ့ကြောင်း အတည်ပြု ပြောဆိုကြသည်။
U.S.O အနေဖြင့် ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မင်္ဂလာဒုံလေတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံးများ။