အမ်းမြို့နယ်ရှိ အမြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်း
ဓါတု
မဇ္ဈိမ။ ။ AA သိမ်းပိုက်ရရှိထားသည့် အမှတ်(၃၇၄) အမြောက်တပ်ကို ပြန်လည်ရရှိရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေပြီး လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ထိုအမြောက်တပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးတွင်ရှိပြီး ယမန်နေ့ (နိုဝင်ဘာလ ၈ ရက် ) နေ့လယ်ပိုင်းက စတင်ကာ ယနေ့ (နိုဝင်ဘာလ ၉ရက် )အထိ စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။
“ဂျက်ဖိုက်တာနဲ့ မနေ့ညအထိဗုံးကြဲတာ Y-12 ကနေအတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်။ အနီးကပ်ဖြစ်နေတာ။ ဒီနေ့မနက်အထိ လက်နက်ငယ်အပြန်အလှန်ပစ်တာတွေကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။
စစ်ကူအဖြစ် နပခသို့ရောက်ရှိနေသည့် ခြေမြန်တပ်မဌာနချုပ် တပ်မ( ၆၆) နှင့် နပခတွင်းလက်ကျန်တပ်များကလည်း မြေပြင်မှ တန်ပြန်တိုက်ခိုက်နေကြောင်းလည်း ၎င်းကဆိုသည်။
”အမြောက်တပ်ခြံစည်းရိုးအဆုံးမှာ ဒုတိုင်းမှူးနေအိမ်တို့ ၊ G1 နေအိမ်တို့၊ တိုင်းမှူးတို့ နေအိမ်ရှိတယ်။ နပခထဲ AA က လက်နက်ကြီးတွေနဲ့ ပစ်ပုံရတယ်။ အမြောက်တပ်ပြီးရင် နပခကိုရောက်ပြီပေါ့လေ”ဟုအဆိုပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ထိုအမြောက်တပ်ကို AAက နိုဝင်ဘာလ ၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“အခုနပခ မှာ နပခ တိုင်းစစ်ဦးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့တိုင်း ကာနယ်ကြီး ဗိုလ်မှူးကြီး ကျော်ရွှေ တို့လောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ဒုတိုင်းမှူးက မကွေး ပါသွားပြီလို့ သိရပါတယ်”ဟု၎င်းကဆက်ပြောသည်။
ထိုသတင်းအချက်အလက်ကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိတွင် အမြောက်တပ်အပြင် အမ်းမြို့သစ်နှင့်မြို့ဟောင်းကြားရှိ မော်ဆီဆိုင်ကုန်းအနီး ခမရ(၃၇၁) တပ်ရင်းတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။
အမ်းမြို့အောက်ရွာ၊ ဟင်းရွက်ဆည်ဘေးကပ်လျက် အမှတ်(၇၅၇) အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့က တပ်ဆုတ်ပြီး ခမရ (၃၇၁) တပ်ရင်းသို့ အင်အားပေါင်းထားကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
အမ်း-ပဒါန်းကားလမ်းရှိ ခြောက်မိုင်ဂိတ်တွင် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းမဟာမိတ်များက လမ်းကြောင်းပိတ်ဆို့ထားသော်လည်း စစ်ဘေးရှောင်မည့်အရပ်သားများကိုထွက်ပေါက်ဖွင့်သွားခွင့်ပြုထားကြောင်း အမ်းမြို့ခံများဆီက သိရသည်။
“AA ကလည်းအရပ်သားတွေကို ရှောင်ဖို့ လမ်းကြောင်းဖွင့်ပေးတယ်။ သေချာစစ်ဆေးပြီး အရပ်သားအစစ်ဆို လွတ်လပ်စွာပေးသွားတယ်။ အဲ့ဒီအထဲ ဌာနဆိုင်ရာဝန်ထမ်းဆိုရင်တော့ သေချာစိစစ်ပြီး ဝန်ထမ်းတွေဘယ်ကပါဆိုတဲ့တာရယ် ဘယ်နေရာကိုရှောင်မှာဆိုတာရယ် တပ်တောင်ကိုစစ်ရှောင်မယ်ဆို တပ်တောင်မှာ ရှိတဲ့ AA တာဝန်ခံတွေကို မေးပြီးပေးထွက်တာမျိုးတော့ရှိတယ်”ဟုအမ်းမြို့ခံတဦးက မဇ္စျိမကို ပြောသည်။
အပြင်စည်းအဖြစ် သတ်မှတ်ကာ နပခကို ကာရံထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး နပခဌာနချုပ် အနီးရှိ လက်ကျန်တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင်နေသည်။
အမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်း၊ တပ်စခန်း ၁၀ ကျော်ရှိပြီး အများစုကို AA က သိမ်းထားနိုင်ပြီဟု သတင်းရင်းမြစ်များက ပြောသည်။
AA သည် ရခိုင်ပြည်နယ်ရှိမြို့ပေါင်း ၁၀ မြို့ထက်မနည်းကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီး လတ်တလောတွင် အမ်းမြို့အပါအဝင် မောင်တော နခခ (၅)၊ ဂွ-ဧရာဝတီနယ်စပ်တို့တွင်လည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
ပုံအညွှန်း-စစ်ကောင်စီလေယာဥ်(ဓါတ်ပုံ-AFP)