ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊ လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊

by

in

ကျောက်ဆည်မှာ စစ်အုပ်စုက လူငယ်တွေကို ပေါ်တာဆွဲ၊
လိုက်ထရပ်ကား တစ်စီးစာ ပါသွား၊
တေဇ/MFP ၊ နိုဝင်ဘာ – ၉
မန္တလေးတိုင်း ကျောက်ဆည်မြို့ အဝင်အထွက်တွေမှာ ဂိတ်ဖွင့် ငွေညှစ်နေတဲ့ စစ်အုပ်စုက နိုဝင်ဘာလ ၈ရက် မနေ့က လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လူငယ်လူရွယ်တွေ လိုက်ထရပ်ကား တစ်စီးစာ ပေါ်တာဆွဲ ခံလိုက်ရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကျောက်ဆည်မြို့ အနောက်ဘက်၊ ကျောက်ဆည် – တံတားဦးလမ်းမှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက နေ့စဉ် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေရာက မနေ့ကတော့ အလစ်အငိုက် ပေါ်တာဆွဲလို့ အလုပ်သွား အလုပ်ပြန် လူငယ်တွေ ပါသွားတာလို့ ဆိုပါတယ်။
“ကျောက်ဆည်မြို့နယ် ရှားပင်ရွာ၊ ကျီးအိပ်ရွာ လမ်းဆုံ ခေါ် တံတားဆစ် ကနေ ပေါ်တာ ဆွဲတယ်။ ကြောင်ပန်းကုန်း ကျေးရွာက နှစ်ယောက်၊ ကြက်လျှာရွာက နှစ်ယောက်၊ ရှားပင်ကျေးရွာက သုံးယောက် ပါသွားတယ်။ အဲ့ဒီ တံတားဆစ်လမ်းဆုံမှာ ဂိတ်က အမြဲရှိတယ်။ ဘန်ကာတွေနဲ့ ချထားတာ။ ပေါ်တာ ဆွဲတာကတော့ သူတို့ လာဆွဲချင်တဲ့နေ့ ဆွဲတာပဲ။ (မနေ့က) ညနေက ကျောင်းဆင်းချိန် ပါဂျဲဒိုးကား နှစ်စီး၊ မတ်တူးကား တစ်စီး ရောက်လာပြီး လမ်းဆုံဖြတ်ပြီး သွားတဲ့ လူငယ်တွေ အကုန်တားပြီး ကားပေါ်တင်နေတာ။ အလုပ်အသွားပြန် လူငယ်တွေ လိုက်ထွက် (ကား) တစ်စီးအပြည့်ပဲ ပါသွားတယ်” လို့ ဒေသခံက ပြောပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေထဲက စစ်အုပ်စုနဲ့ အဆက်အသွယ်ရှိလို့ ငွေပေးနိုင်သူတွေ ပြန်လွတ်တယ်လို့ သတင်း ကြားပေမယ့် ပေးစရာငွေမရှိတဲ့ မိသားစုတွေ ဆောက်တည်ရာမရ ဖြစ်ကာ ငိုယိုနေကြတယ်လို့ ပေါ်တာဆွဲ ခံရသူ တစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
“အမျိုးတွေစုပြီး တိုင်ပင်နေကြတယ်။ ဘာကိုလိုက်ပြီး ဘာဆက်လုပ်ရမလဲ မသိလို့။ ဖုန်းကလည်း စက် ပိတ်သွားတော့ ဘယ်ကို လိုက်ရမှန်း မသိကြဘူး”
အဲ့ဒီ ကျောက်ဆည်မြို့ အနောက်ဘက်၊ ကျောက်ဆည် – တံတားဦး လမ်းဘေးက ကျေးရွာတွေကို စစ်အုပ်စုက လစဉ် ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေဘေးဒုက္ခကြုံချိန်ကလည်း အဲ့ဒီ ကျောက်ဆည်နဲ့ တံတားဦးနယ် ရွာတွေကို စစ်အုပ်စုက စီးနင်းကာ ပေါ်တာဆွဲလို့ လူငယ်တွေ ရေဘေးကြားက ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီဘက်နယ်က ရွာတွေ ကောင်းကောင်း မနေရဘူး။ သူတို့ကားတွေ ရွာထဲ၀င်လာရင်ကို ပြေးလွှားနေရတာ။ ဟိုနေ့က ရေကြီးပြီးခါစ ကလည်း ၀င်ဆွဲလို့ ရွံ့တွေထဲ ထွက်ပြေးရင်း ရေမကူးတတ်လို့ ရေနစ်တဲ့သူကနစ်နဲ့ ဝရုန်းသုန်းကား အခြေအနေတွေပါ” လို့ ဒေသခံက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေကလည်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးနယ်ထဲ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပါသေးတယ်။
ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမှာ တစ်မြို့နယ်ကို လူ ၂၀၀ နှုန်းရအောင် ပေါ်တာဆွဲလေ့ ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အလွယ်တကူ စစ်သားသစ် စုဆောင်းတာ မရတော့တာကြောင့် သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်အုပ်စု၊ မီးသတ်၊ ထွေအုပ်နဲ့ Non-CDM တွေက ပေါ်တာဆွဲ လူသစ်စုရတာလို့ စစ်အုပ်စု ကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။
ကျောက်ဆည်နယ်ထဲ လက်ရှိ ပေါ်တာဆွဲတာဟာ အပတ်စဉ် ၇ အတွက် စစ်သားသစ် စုဆောင်းတာလို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။
သင်္ကြန်မတိုင်ခင် မတ်လကတည်းက နိုင်ငံတဝန်းက လူငယ်လူရွယ်တေကို စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စုက လက်ရှိမှာ အပတ်စဉ် ၆ အဖြစ် စစ်သင်တန်း ပို့ချနေပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုနေပြီး အဓိကအားဖြင့် မြို့သစ်ပိုင်းနဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေကို ပစ်မှတ်ထားကာ စစ်သားသစ် စုဆောင်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ပေါ်တာဆွဲထားသူတွေ အပါအဝင် စစ်သားသစ် စုဆောင်းထားသူတွေကို စစ်အုပ်စုက ကြိုဆိုပွဲ လုပ်နေစဉ်/ Photo – စစ်အုပ်စု