လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

by

in

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ
နိုဝင်ဘာ ၆၊ ၂၀၂၄
မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
တိုက်ပွဲတွေကြောင့် တာဝါကျိုးသွားခဲ့တဲ့ လောပိတဟာ ပြန်လည်မပြင်ဆင်နိုင်သေးသလို ၊ရာဂီ မုန်တိုင်းကြောင့် ရေဝင်ရောက်ခဲ့တဲ့လောပိတမှာ ကြီးကြီးမားနည်းပညာအရ ပြန်လည်အဆင့်မြှင့်ဖို့လိုအပ်နေပြီး ဘတ်ဂျတ်မရှိတာကြောင့် ပြန်လည်မပြင်ဆင်နိုင်သေးတာလို့ သိရပါတယ်။
ကရင်နီ လွိုင်ကော်ဒေသထဲက လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားကိုလွှိုင်ကော်မှတဆင့် တီကျစ်လိုင်း၊ တီကျစ်မှတဆင့် အမျိုးသားဓာတ်အားလိုင်းထဲထည့်ရန် မဂ္ဂါဝပ်မလုံလောက်တဲ့ ပြသနာနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒါ့ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးပေးဝေမှုပုံစံကိုပြောင်းလဲပြီး ဝန်အားလျှော့လုပ်ဆောင်နေရတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုစလုံးကို နိုဝင်ဘာ ၅ ရက်ကစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်မီးပြတ်ပြီး ရှစ်နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ထွက်ခွာသွားခဲ့ပါတယ်။
တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့တာပါ။
တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးဖို့ စစ်ကောင်စီဟာ ရေအားလျှပ်စစ်တစ်ခုထဲကိုသာ မှီခိုနေရပြီး နယ်မြေအချို့မှာ တိုက်ပွဲတွေကြောင့် ရေအားလျှပ်စစ်စက်ရုံအချို့ကိုလည်း စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ပါဘူး။

တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ဓာတ်အားထုတ်လုပ်နိုင်ဟု စစ်ကောင်စီက ဝန်ခံ ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၆
မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်ပြီး အလှည့်ကျ ဓာတ် အား ပေးစနစ်ဖြင့် မီးပေးနေရမှုမှာ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ၅၀ ရာခိုင် နှုန်းခန့်သာ ဓာတ်အားထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း စစ်ကောင်စီ ၏ လျှပ်စစ်ဝန်ကြီးဌာနက ဝန်ခံ ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံတစ်ဝန်းတွင် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းနှင့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်း၊ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုရှိသည့် ဓာတ် အားပေးစက်ရုံများ ပြုပြင်ဆောင်ရွက်နေရ၍ လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ကြောင်း​၊ နိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံ ၃ဝ ခု၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၇ ခု၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ခု၊ နေရောင် ခြည်သုံးစွမ်းအင်စက်ရုံ ၈ ခုတို့တွင် စွမ်းအားပြည့်လည်ပတ်ပါက လျှပ်စစ်ဓာတ်အား မှာ ၇၂၄၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ကြောင်း၊ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ၁၄၈၇ မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရခြင်းနှင့်အတူ သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း ၂၂၇ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ကြောင်း၊ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုမှာ ၁၇၁၄ မဂ္ဂါဝပ်ခန့် အသား တင်လျော့နည်း နေကြောင်း သိရှိရသည်။
နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်မှာ နှစ်စဉ် ၉ ရာခိုင်နှုန်းတိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း တစ်ရက်လိုအပ်ချက် ဓာတ်အား ၅၄၈၃ မဂ္ဂါဝပ် ရှိသော် လည်း အခြေအနေများကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ ၅၆ ရာခိုင်နှုန်းရှိရာမှ ယခု ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ တွင် ၆၈ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။
ရန်ကုန်တိုင်းတွင် ခရိုင် ၄ ခုခွဲ၍ နိုဝင်ဘာ ၅ ရက်မှစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်ခွဲကာ ၈ နာရီ မီးဖြတ်မည်နေပြီး စက်မှုဇုန်များတွင် တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီးပေးနေကြောင်း သိရှိရသည်။