ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီး ပျက်စီး

by

in

ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီး ပျက်စီး
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီးသွားကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာ၆ရက်) နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ဘုရားစုရွာနှင့် ညောင်ပင်လှကျေးရွာကြားတွင် စစ်ကောင်စီယာဥ်တန်းအနက် နောက်ဆုံးတစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“မိတ္ထီလာဘက်ကလာတာ ဖြစ်မယ်။ ဝမ်းတွင်းကိုဖြတ်လာတာ။ မြောက်ကိုသွားတာ။ ဘယ်ကိုသွားမလို့လဲတော့မသိဘူး။”ဟု Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက်မသိရသေးဘဲ ကားတစ်စီးပျက်စီးသွားသည်ဟု Voice Of Wundwin အဖွဲ့က ဆိုသည်။
မိုင်းခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် ရန်ကုန် – မန္တလေးလမ်းဟောင်း အရှေ့ဘက်အခြမ်းသို့ တောနင်းရှာဖွေနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား အသုံးပြုသွားလာမည်ဆိုပါက အထူးဂရုစိုက်သွားလာကြရန် WTRF အဖွဲ့က သတိပေးထားသည်။
ပြီးခဲ့သည့် ဧပြီအတွင်းကလည်း ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ရဲမှူးအပါအဝင် လေးဦး သေဆုံးခဲ့သေးသည်။

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
နိုဝင်ဘာ ၆၊ ၂၀၂၄
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၈ နာရီအချိန်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း ပဒေသာမိုင်း ၃လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံးယာဉ်ကို ထိမှန်သွားပြီး ဖြစ်စဉ်နေရာမှာပဲ ထိုးရပ်သွားတယ်လို့ သိရပါတယ်။
“ကျနော်တို့က သတင်းကြိုရတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလမ်းက သူတို့သွားနေကျလမ်းဆိုတော့လေ။ ထိသွားတဲ့ ကားမှာက စခတွေ ၁၅ ယောက်လောက်ပါပါတယ်။ နောက်ဆက်တွဲကတော့ စုံစမ်းနေဆဲပါ။” လို့ WTRF တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတဝိုက်ကို တောနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။