နေပြည်တော်ပတ်လည်က လေကြောင်းရန်ကာကွယ်ရေးတပ်တွေကိုကျော်ပြီး လယ်ဝေးထဲကို Fixed Wing တွေ ဝင်ရောက်လာ
■ ၃ စီး ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်
နေပြည်တော် ၊ နိုဝင်ဘာ ၆ ၊ ၂၀၂၄ ။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းကို နိုဝင်ဘာ ၅ ရက် မနေ့မနက်ပိုင်းက Fixed Wing တွေ ဝင်ရောက်ပျံသန်းလာပြီး ၃ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယမန်နေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီဒရုန်း ၃ စင်းကို လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး၊ ကြံခင်းစုကျေးရွာအနီးနဲ့ နနွင်းအိုင်ကျေးရွာအနီးတွေမှာ ဗုံးသီးတွေနဲ့အတူ အသီးသီးရှာဖွေတွေ့ရှိခဲ့ပြီး ဗုံးသီးတွေကိုတော့ ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အဲ့ဒီဒရုန်းတွေဟာ နေပြည်တော်ရဲ့အရေးကြီးအဆောက်အဦနဲ့ နေရာဌာနတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ပျံသန်းလာတာလို့လည်း စစ်ကောင်စီထုတ်ပြန်ချက်က ဖော်ပြပါတယ်။
နေပြည်တော်နယ်မြေထဲကို Fixed Wing တွေ ဝင်ရောက်ပျံသန်းလာတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း စစ်ကောင်စီတပ်ဌာနချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တည်ရှိရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နဲ့ လယ်ဝေး၊ အေလာမြို့နယ်တွေကို ဝင်ရောက်လာတဲ့ Fixed Wing တွေကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဧပြီလတိုက်ခိုက်မှုဟာ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နဲ့ အေလာလေတပ်တွေကိုတိုက်ခိုက်တာဖြစ်တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အခုတကြိမ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
စစ်ခေါင်းဆောင်တွေနေထိုင်တဲ့ နေပြည်တော်ကောင်စီနယ်မြေပတ်လည်မှာ လေကြောင်းရန်ကာကွယ်နိုင်ရေးနဲ့ ကင်းထောက်နိုင်ရေး စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး(လေကာ)တပ် အများအပြားနဲ့ ဝန်းရံထားတာဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပြီး အဆိုပါ လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို ကျော်လွန်ကာ နေပြည်တော်နယ်မြေအတွင်းအထိ Fixed Wing တွေ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်တွေဟာ နေပြည်တော်အနီး တောင်ညိုတနေရာတည်းမှာပင် အမှတ် ၈ လေကြောင်းရန် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၈ )၊ အမှတ် ၁၀၁၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၁၀၁၆)၊ အမှတ် ၃၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၃၀၃၀)၊ လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း (လသက)၊ အမှတ် ၈ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း (လဆရ ၈)၊ အမှတ် ၈ လေကြောင်းရန်ကာကွယ်ရေး အီလက်ထရောနစ်စစ်ဆေးရေးတပ်ရင်း (လအရ ၈)၊ အမှတ် ၈ လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း (လလရ ၈)၊ အမှတ် ၈ လေကြောင်းရန်ကာကွယ်ရေးယန္တရားတပ်ရင်း(လယတ ၈)တို့ တည်ရှိပြီး လယ်ဝေးမှာ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၃၁)၊ တပ်ကုန်းမှာ အမှတ် ၂၀၃၂ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၂၀၃၂) ၊ မြို့လှမှာ အမှတ် ၂၀၂၉ လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း (လကတ ၂၀၂၉) စတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်မ ၊ သင်တန်းကျောင်း၊ တပ်ရင်း စုစုပေါင်း ၁၁ ခု အခြေစိုက်ဝန်းရံထားတာလည်း ဖြစ်ပါတယ်။
ဒါအပြင် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အေလာလေတပ်နဲ့ အေလာလေဆိပ်တွေဟာ ရှော့တိုက်ဒုံးနဲ့လည်း မကြာခဏပစ်ခတ်ခံနေရတာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#FixedWingDrone #နေပြည်တော် #လယ်ဝေး #လေကြောင်းရန်ကာကွယ်ရေး