ခေါပုပ်စခန်းသိမ်းတိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်များသိမ်းဆည်းရရှိ၊
စခန်းတွင်းစစ်ကောင်စီ ၁၆ ဦးသေဆုံး၊ ထွက်ပြေးသည့်စစ်သားများလိုက်လံရှင်းလင်း
Salween Press
နို၀င်ဘာလ ၂ ရက်၊ ၂၀၂၄
KNU မူတြော်ခရိုင် အမှတ်၅တပ်မဟာ ဘူးသိုမြို့နယ် ခေါပုပ်အခြေစိုက်စခန်းကို KNLAမဟာမိတ်ပူးပေါင်း တပ်များဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်နက်ကြီးအပါအဝင် လက်နက်ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ စခန်းသိမ်းတွင်ပါဝင်သူနဲ့နီးစပ်သည့်သတင်းရင်းမြစ်ထံမှသိရသည်။
“စခန်းသိမ်းဝင်တိုက်တဲ့အချိန်မှာစခန်းထဲမှာစစ်ကောင်စီတပ်သား ၁၆ ေယာက်လောက်သေပြီး ကျန်နေတယ်။ ကျန်တဲ့စစ်သားတွေက စခန်းဆုတ်ပြေးသွားတယ်။ ပြေးသွားတဲ့စစ်သားတွေကို အပြင်မှာလိုက်ပြီးရှင်းလင်းလိုက်တာက စခန်းတွင်းမှာသေဆုံးတဲ့အရေအတွက်ထက်များတယ်။ ဖမ်းဆီးခံရတာလည်းရှိတယ်” လို့ စခန်းသိမ်းတွင်ပါဝင်သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ခေါပုပ်စခန်းတွင်စုပေါင်းနေထိုင်သည့်စစ်ကောင်စီအင်အားသည် ၁၀၇ဦးသာရှိသည်ဟု အဆိုပါ သတင်းရင်းမြစ်ကဆိုပါတယ်။
“သိမ်းဆည်းရမိတဲ့လက်နက်မှာတော့ 60mm, RPG 7နှင့် 81mm အားလုံး လက်နက် ၂၀ လောက်ရပါတယ်။ လက်နက်ငယ်နဲ့ခဲယမ်းအများအပြားရပါတယ် မိုင်းတွေ၊ ဆက်သွယ်ရေးစက်တွေလည်း သိမ်းဆည်းရမိ ပါတယ်” လို့ သူကဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သား ၅၀ ဦးလောက်ရှိနေပြီး သူတို့သည် ဖာပွန်ဘက်ကို ပြန်ဖို့ကြိုးစားနေတယ်လို့သိရသည်။ ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားများကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက်ဝိုင်းဝန်းပိတ်ဆို့လိုက်လံရှင်းလင်းနေတယ်လို့ဆိုတယ်။
KNLA တပ်မဟာ ၅ နယ်မြေက နှစ် ၃၀ ကျော်သက်တမ်းရှိခေါပုပ်တပ်စခန်းသည် စစ်ကောင်စီ၏စစ်ရေး မဟာဗျူဟာအရအရေးပါသည့်တပ်စခန်းတစ်ခုဖြစ်သည်။ အဆိုပါတပ်စခန်းသည် ဒေသခံပြည်သူလူထုများ ခရီးသွားလာမှုကို အန္တရာယ်အပေးဆုံးတပ်စခန်းတစ်ခု ဖြစ်သည်။
ခေါပုပ်စခန်းကျသွားသည့်အတွက် KNLA နှင့်တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် ဒေသခံ ကျေးရွာသားများ လည်း ခရီးသွားလာရာမှာ ပိုမိုလွယ်ကူလာမယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။
ပုံဟောင်းများ
#Salweenpress