လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်

by

in

လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်တွေအများကြီး မြင်ရဖတ်ရပါတယ်။ အဓိက နှစ်ချက်ပြောရရင် မိုးရာသီမကုန်ခင် LDC များရခြင်းနဲ့ လာမည့်နွေအတွက် စိုးရိမ်သောကဖြစ်ကြရခြင်းဆိုပြီး နှစ်ချက် တွေ့ရပါတယ်။
(က)မိုးမကုန်ခင် LDCများနေရခြင်း

မှန်ပါတယ်။ Install Capacity အရဖြစ်စေ။ ရေအားကို အားထားရတယ်ဆိုပေမဲ့ လက်ရှိ Generation အချိုးအဆအရ သိပ်မကွာလှပါပု။ လက်ရှိထုတ်လုပ်မှု Update အရဆိုရင် ရေအား 54%နဲ့ GTက 43%‌နဲ့ အခြား (Solar+ Coal) 3%လောက်နဲ့ မောင်းနှင်နေပါတယ်။ ဒါကိုကြည့်ရင်ပဲ ရေအားသည် ဓာတ်အားစနစ်၏ တဝက်ကျော်ယုံပဲ အလုပ်လုပ်နေရတဲ့လဏ္ခာကို ရှင်းလင်းစွာ မြင်ရပါမယ်။ ရေတမံများ၏ ရေဝင်ရောက်မှု အခြေအနေများကို လေ့လာကြည့်တဲ့အခါမှာလည်း ရေပိုလွှဲမှ ရေကျော်နေတဲ့အခြေအ‌နေဟာ ယနေ့အထိရှိနေပြီး ရေအားစက်တွေ၏ သဘောသဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းအပြည့် လိုက်ပြီး မောင်းနှင်ပေးထားပါတယ်။
နောက်အထူးဖော်ပြချင်တာက ရွှေလီကဲ့သို့ စက်ရုံကြီးအပါ အဝင် ရေအားစက်ရုံ (၇)ခု ဓာတ်အားစနစ်ကို မဝင်နိုင်ပါဘူး။ ပမာဏများပါတယ်။ ဓာတ်အားစနစ်၏ အခြေအနေက အရင်လို နွေမိုးဆိုတာထက် အဲ့သလိုမမျှော်လင့်နိုင်သော အခြေအနေမှာ မူတည်နေတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။
ရာသီဥတုအပြောင်းအလဲသည် ဓာတ်အားရရှိမှုကို သိသာသော အပြောင်းအလဲကို ဖြစ်စေပါတယ်။ အထူးသဖြင့် လူနေထူထပ်၍ သုံးစွဲမှုများသော ရန်ကုန်ဟာ Load Flow အတက်အကျ အကြမ်းဆုံးဟုဆိုနိုင်ပါတယ်။ ၎င်းအတွက်ကြောင့် ဌာနအလိုက်ဓာတ်အားခွဲမှုအချိုးအစားထက်ကျော် လွန်သုံးစွဲသည်ပဲဖြစ်စေ၊ အရေးပေါ်အခြေအနေအရ ဝန်အား ထိန်းညှိချင်လို့ပဲဖြစ်စေ Loadဖြုတ်ချရတာ အလွယ်ဆုံးဖြစ်တဲ့ ရန်ကုန်က ပိုခံရတဲ့သဘောမှာ ရှိပါတယ်။
အချုပ်ပြောရရင် လက်ရှိဓာတ်အားစနစ်သည် ရေအားကို 100%မှီခိုနေရတာမျိုးမဟုတ်ပဲ Mix Generation ဟုခေါ်သော အချိုးကျ ရောနှောနေသော ဓာတ်အားစနစ်ပုံစံနဲ့ လည်ပတ်နေပါတယ်။ သဘာဝဘေးအပါ တခြားသောကိစ္စရပ်များနဲ့ စက်များကောင်းမွန်သည့်တိုင်အောင် မထုတ်လုပ်နိုင်တဲ့အနေအထားလည်းရှိပါတယ်။
(ခ) နွေရာသီအတွက် ဓာတ်အားအခြေအနေ
သိပ်အားရလှတာမရှိပါဘူး။ ဒီအနေအထားအတိုင်း မပြတ်ပေးနိုင်ဖို့ပဲ ရေအားစက်ရုံထိန်းမောင်း၊ GTတွေကို ထိန်းပြင်လုပ်နဲ့ပဲ မဖြစ်မညစ်လည်ပတ်နေဦးမှာပါ။ဒီနွေမတိုင်မှီ လက်တလောစီမံကိန်း ကြီးကြီးမားမား ဝင်ရောက်ဖို့ မကြားမိသေးပါဘူး။ ဆောက်ရွက်ဆဲ (30) MWဆိုလာစီမံကိန်း တချို့ပဲရှိနိုင်ပါမည်။ သတင်းကောင်းတခုတော့ ပျက်နေတဲ့ဟာတွေ မဖြစ်မနေ ကြိုးစားပြင်ဖို့ရှိတယ်ဆိုတာပါပဲ။
ဆိုလာဝယ်ဖို့၊ အင်ဗာတာတပ်ဖို့ တိုင်ပင်သူများ နှစ်ခါပြန်မစဉ်းစားပဲ ငွေကြေးတတ်နိုင်ရင်ဆောင်ရွက်ပါ။ အရင်တုန်းက သမားရိုးကျစဉ်းစားမှုမျိုးအတိုင်း နွေပိုပြတ်၊ မိုးမီးပိုလာမယ်ဆိုတာ 100%မမှန်တော့ပါဘူး။ ဓာတ်အားလိုင်းများ လုံခြုံဘေးကင်းရေးသည်သာ ဓာတ်အားရရှိရေးအတွက် ရာသီသုံးခွင်စလုံး မှီတည်နေရပါကြောင်း သိရှိရသမျှ သုံးသပ်လိုက်ရပါသည်။

ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်၊ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂
ကရင်နီရှိ ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် တစ်နိုင်ငံဓာတ်အားထုတ်လုပ်မှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရှိရသည်။
စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘီလူးချောင်းလောပိတ ရေအားလျှပ်စစ်စက်ရုံများ၊ ရွှေလီရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ ရေဝင်ပျက်စီးခြင်း၊ ရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ယခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း သိရှိရသည်။
“ဘီလူးချောင်း ရေကြီးတော့ လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်တဲ့ စက်ရုံတွေအထိ ရေဝင်တယ်။ ရေတွေကြီးတော့ စက်တွေ အကုန်ပျက်ကုန်တယ်။ ရေဝင်ထားလို့။ အဲဒီလိုပဲ အခြား ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေလည်း သဘာ၀ဘေးအန္တရာယ်ဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် ပျက်စီးမှုတွေ အတော်များပါတယ်။ အဲဒါကြောင့် စက်ရုံတွေက စက်အပြည့် မလည်နိုင်သလို ရေအားက လျှပ်စစ် အပြည့်မထုတ်နိုင်ဘူး။ ပုံမှန် မိုးတွင်းကာလ ဆည်မှာ ရေရရင် ရေအားလျှပ်စစ်ပိုတိုးထွက်ပေမယ့် ဒီနှစ်က သဘာ၀ဘေးကြောင့် ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒါတွေကို ပြင်ဆင်ဖို့ကလည်း အချိန် တိုအတွင်း မပြီးနိုင်ဘူး။ တချို့ စက်ပစ္စည်းတွေက လဲလှယ်မှရမယ့် အခြေအနေမျိုးဖြစ်တော့ ဘတ်ဂျက်တင်ပြစောင့်ရတာမျိုးတွေနဲ့ Process တွေ ကရှိတော့ အလွယ်တကူတော့ မပြင်နိုင်သေးဘူး။ အလှည့်ကျနဲ့ အခု မီးထိန်းပေးနေပေမယ့် မီးပြတ်တာ အချိန်ပိုကြာပါလိမ့်မယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ တစ်နိုင်ငံလုံးတွင် ပြည်သူများကို ၄ နာရီ မီးပေး၊ ၄ နာရီ မီးဖြတ်စနစ်ကို ကျင့်သုံးပြီး စက်မှုဇုန်များတွင်မူ တစ်ရက်လျှင် ၄ နာရီသာ မီးပေးတော့ ကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အား လျှော့ချပေးနေသော်လည်း ရရှိနေသော ဓာတ်အားမှာ အလွန်နည်းပါးနေသဖြင့် လာမည့်ရက်ပိုင်းအတွင်း အခြေအနေ မီးပြတ်တောက်မှုများ အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း သိရှိရသည်။
တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ၂၅၀၀ မဂ္ဂါဝပ်ဝန်းကျင်သာ ထုတ်လုပ်နိုင်ကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၄၆ ရာခိုင်နှုန်းကိုသာ ဓာတ်အား ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အောက်တိုဘာလ ၁ ရက်နေ့ ရေကြီးနေသော ဘီလူးချောင်း ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီအဖွဲ့ဝင်များ သွားရောက်စစ်ဆေးနေစဉ်။