ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ
နိုဝင်ဘာ ၁၊ ၂၀၂၄
ရခိုင်ပြည်နယ် စစ်မြေပြင်ကို ပို့ခံထားရတဲ့ စစ်သားတွေဟာ အသေအပျောက် များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ဧရာဝတီတိုင်းထဲမှာ ဖိအားပေးလုပ်ဆောင်နေပြီး ဝါးခယ်မမြို့နယ်က ကျေးရွာတချို့မှာဆိုရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် (၇) အတွက် နိုဝင်ဘာ ၁ရက် ဒီနေ့ နေ့လည်မှာ အစည်းအဝေးပြုလုပ်ကြတယ်လို့ သိရပါတယ်။
“အခု ရခိုင်ဒေသစစ်ပွဲတွေမှာ စစ်သားသစ်တွေအရေးပေါ်လိုနေလို့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ထဲဝင်ဖို့ လူသစ်စုဆောင်းပေးနေတာ။ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီး အစည်းဝေးတွေပါလုပ်နေတယ်” လို့ ဝါးခယ်မမြို့နယ် ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“စစ်မှုထမ်းအပတ်စဥ် ၆ ခေါ်တာ မကြာသေးဘူး။ အခုတစ်ခါ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီးအရေးပေါ်အစည်းအဝေးလုပ်ပြီး အကြမ်းဖက်စစ်သင်တန်းတတ်ဖို့ ဒေသခံတွေကို ရွေးချယ်နေတယ်”လို့ ကျုံမငေး တိုက်နယ်အတွင်း နေထိုင်သူတစ်ယောက်ကလည်း ပြောပါတယ်။
များသောအားဖြင့် ဧရာဝတီတိုင်းကနေ စစ်သင်တန်းဆင်းတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရခိုင်စစ်မျက်နှာကို ပို့ဆောင်နေတာပါ။ စစ်ကောင်စီက ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်မှာရှိတဲ့ မြို့နယ်ကျေးရွာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ခရီးသွားလာသူတွေကို ပေါ်တာဆွဲတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုံစာ – စစ်မှုထမ်း အပတ်စဉ် (၆) တပ်သားသစ်တချို့