ပဲခူးတိုင်း မြို့နယ် ၄ခုတွင် သုံးရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးဟု တောင်ပိုင်းစစ်ဒေသ အသိပေး

by

in

ပဲခူးတိုင်း မြို့နယ် ၄ခုတွင် သုံးရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးဟု တောင်ပိုင်းစစ်ဒေသ အသိပေး

ဟန်နွေ/People’s Spring

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့၌ ပြီးခဲ့သည့် သုံးရက်အတွင်း စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက အောက်တိုဘာ ၂၈ရက် တွင် ဖော်ပြခဲ့သည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ နယ်မြေတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်ချစခန်းများအား စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်အခြေအနေများ ဖော်ပြမထားသော်လည်း တိုက်ပွဲများအတွင်း ရန်သူ၏ သေနတ် တစ်လက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း(၉) ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။

(တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ အပါတ်စဉ်(၂)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ)

ကြို့ပင်ကောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို သယ်ဆောင်သွား၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက် ကျူးလွန်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို ပြန်လည် သယ်ဆောင်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အေးရွာလေးကျေးရွာထိပ်အရောက်တွင် အသင့်စောင်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို စစ်ကူလာသည့် စစ်သားများက ဖောကား ၂ စီးဖြင့် ကြို့ပင်ကောက်မြို့ပေါ်ကို ပြန်လည် သယ်ဆောင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီ တပ်သားများ မြို့ပေါ်တွင် ဆေးကုသမှု ခံယူနေစဉ် ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် တိုက်ခိုက်မှု ဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သိရှိရသည်။
“ဥယျာဥ်ကြီးရွာမှာ စစ်ခွေး ၂၀ လောက်ကျန်သေးတယ်။ အကုန်လုံး ပြန်မဆုတ်သေးဘူး။ စစ်ခွေး ၃၀ လောက်က အေးရွာလေးကိုလာတာကို စောင့်ပြီးမိုင်းဆွဲတာ ပဒေသာမိုင်း ၄ လုံးထိတယ်။ တစ်ဖွဲ့လုံးမှာ စစ်ခွေး ၂ ကောင်လောက်ပဲ အကောင်းတိုင်း ကျန်တယ်။ သေတာကမျက်မြင် ၁၀ ကောင်ပါ။ ကျန်တာတွေက ခြေပြတ်လက်ပြတ်တွေ ဖောကား ၂ စီးနဲ့ လာသယ်သွားကျတယ်။ ကျန်တော်တို့ သတင်းထပ်ကြားတာက စစ်ခွေး ၁၀ ကောင် ဆေးရုံမှာ ထပ်သေတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာတာကြောင့် ပြည်သူတွေကိုမဲပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်လုပ်နေတယ်။ ပြည်သူ ဘယ်နှဦး ထပ်မံ ဖမ်းဆီး သတ်ဖြတ်ခံရလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ခွေးစစ်ကြောင်းက အခုထိ ရှိနေသေးတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon QBK-PDF ရဲ ဘော်များက လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ရှုံးမဲမဲ၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သာားများ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် အကြမ်းဖက်စစ်သားများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သော Black Dragon GBK – PDF မှ တော်လှန်ရေး ရဲဘော်များ