အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း
မဇ္ဈိမ
(မဇ္ဈိမ) ။ ။

မသင့်လျော်သော အပြုအမူများနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူး လွန်ခြင်းကြောင့်ဟုဆိုကာ အလှမယ် သဲစုငြိမ်း ရရှိသွားသော တတိယဆု (2nd Runner-Up) ဆုကို ပြန်ရုပ်သိမ်းလိုက်ကြောင်း MGI ကြေညာက ယနေ့ (အောက်တိုဘာလ ၂၈ ရက်) တွင် တရားဝင် ကြေညာလိုက်သည်။
Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ရာ စစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံကို ကိုယ်စားပြုဝင်ပြိုင်သော အလှမယ် သဲစုငြိမ်းက Miss Grand International Myanmar – 2nd runner up ဆုကို ရရှိခဲ့သည်။
ထိုသို့ တတိယဆုသာ ရရှိခဲ့သည့်အပေါ် ၎င်းကိုထောက်ပံ့သည့်အဖွဲ့နှင့် ပရိတ်သတ်များက မကျေနပ်မှုများဖြင့် လူမှုကွန်ရက်တွင် ပွက်လောရိုက်ကာ ပထမဆု ရရှိသွားသည့် အသက် ၂၀ အရွယ် အိန္ဒိယအလှမယ်ကို ဝေဖန်တိုက်ခိုက် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် Miss Grand Myanmar ၏ National ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်ကလည်း ငွေကြေးများဆုံးရှုံးရပြီး ရလာသည့် ရလဒ်ကို လက်မခံနိုင်သည့်အတွက် မြန်မာအလှမယ် သဲစုငြိမ်း ရရှိခဲ့သည့် သရဖူကို ပြန်အပ်မယ်ဟု MC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြိုင်ပွဲအပြီး ဒါရိုက်တာ ထူးအံ့လွင်၏ သရဖူနှင့် စလွယ်ကို အလျင်အမြန် ဆွဲချွတ်လိုက်သည့် ဗီဒီယိုလည်း ပေါ်ထွက်ခဲ့သည်။
အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို ပြန်ရုတ်သိမ်းကြောင်း MGI ဘက်က ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုလို ပြန်လည်ရုတ်သိမ်းလိုက်မှုနှင့် ပတ်သက်ပြီး အလှမယ် သဲစုငြိမ်းနှင့် ထောက်ပံ့သည့် အဖွဲ့အစည်းဘက်က တစုံတရာ တုန့်ပြန်ပြောဆိုလာခြင်းမျိုး မတွေ့ရသေးပေ။
သဲစုငြိမ်းသည် တိုင်းပြည်ကိုယ်စားပြုသည်ဟုဆိုကာ ထောက်ခံမှုများလည်းရှိပြီး အပြိုင်အဆိုင် အွန်လိုင်း voting ပေးရသည့်အတွက် ငွေကုန်ကြေးကျများခဲ့ သကဲ့သို့ ပြိုင်ပွဲဆောင်ပုဒ်ဖြစ်သည့် “Stop The War and Violence” “ပဋိပက္ခနဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့” ဆိုသော်လည်း စစ်ဘေးသင့်မြန်မာပြည်အတွက် လျစ်လျူရှုနှုတ်ဆိတ်ခဲ့သည့်အပေါ် ဝေဖန်ရှုတ်ချမှုများလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တုန်းက နိုင်ငံတကာပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် Miss Universe Myanmar သူဇာဝင့်လွင်နှင့် Miss Grand Myanmar ဟန်လေးတို့ကသာ နိုင်ငံ၏ အခြေအနေကို ဖွင့်ဟထုတ်ပြောခဲ့ကြသည်။
ယင်းသို့ဖွင့်ဟချက်ကြောင့် ၎င်းတို့နှစ်ယောက်သည် ပြိုင်ပွဲပြီးချိန်ကတည်းက မြန်မာနိုင်ငံသို့ မပြန်နိုင်ဘဲ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံများတွင် နေထိုင်နေကြရသည်။
ပုံအညွှန်း- အလှမယ် သဲစုငြိမ်း
#အလှမယ်သဲစုငြိမ်း
#2nd_Runner_Up
#ပြန်ရုပ်သိမ်း
#MGI
#ထူးအံ့လွင်
#Mizzima