AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး

by

in

AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံး
ရန်ကုန် ၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်တွင် AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံးသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်သေဆုံးသွားသည်ဟု ရန်ကုန်ရှိ ကျန် ရစ်သူ မိ သားစုထံ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် သေဆုံးသွားသည့် ဗိုလ်မှူးနိုင်ဇော်အောင်သည် စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ရှေ့တန်းမှာရရှိခဲ့သည့် ဒဏ်ရာကြောင့် နေပြည်တော်တွင် ဆေးကုသခံယူခဲ့ရသူဖြစ်သည်။
ယင်းနောက် ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး အာရက္ခတပ်တော် AA ၏ ထိုးစစ်အတွင်း အစာငတ်ပြတ်သေဆုံးခြင်းဖြစ်ကြောင်း၊ ၎င်းသည် စစ်အာဏသိမ်းမှုကို ထောက်ခံသူတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြသူများအပေါ် သဘောထား တင်းမာသူဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထားသည့် တပ်စခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်နေသည်။
ထို့ပြင်အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့ ပစ်ခတ်နေပြီး စစ်ကောင်စီမှာ အမ်းလေယာဉ်ကွင်းကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် အနေအထားဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့်မတ်လကစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တိုက်ပွဲပိုပြင်းထန်ကာ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။
အမ်းမြို့ခံအများစုမှာ ပြီးခဲ့သည့်လပိုင်းကတည်းက တိ မ်းရှောင်ခဲ့ကြပြီဖြစ်သော်လည်း ပြည်သူတချို့မှာ မြို့တွင်းတွင်ကျန်ရစ်ခဲ့ရာမှ လက်ရှိ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း သိရှိရသည်။