၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ…

by

in

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်လာ…
အောက်တိုဘာ ၂၇ ၊ ၂၀၂၄

မြန်မာနိုင်ငံမှာ လက်နက််ကိုင်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တင်းတင်းပြည့်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနေ့က ညပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေကို သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ကာ စစ်ကောင်စီ တပ်စခန်းတွေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိန္နီမြို့ရှိ ရေပူစစ်ဆေးရေး ဂိတ်စခန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သိန္နီမြို့အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) ကို အောက်တိုဘာ ၃၀ ရက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၇၂ ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စကခ ၁၆ ကို သိမ်းပိုက်ရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း စစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေချိန် စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲရာ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဦးဆောင်ပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အမှတ် ၁ စစ်ဒေသ၊ အနောက်မြောက်စစ်ဒေသနဲ့ အမှတ် ၉ စစ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ ဇွန်လ ၂၇ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြီး မိုးမိတ်မြို့နယ်အတွင်းရှိ ကျောက်မောရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ဇွန်လ ၂၉ ရက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကင်းချောင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မိုးမိတ်မြို့ကို ဇွန်လ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်မြို့ အခြေစိုက် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တို့ အခြေစိုက်ရာ စစ်ဗျူဟာ အခြေချ မိုးမိတ် (မိုးမိတ်ဗျူဟာ) ကို တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃၀ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲမှာလည်း PLA က မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)၊ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော် (BPLA) တို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး လားရှိုးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၆၈) ကို ဇူလိုင်လ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကာ လားရှိုးမြို့ကို ဩဂုတ်လ ၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၉ ရက်မှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၁၄ ရက်မှာတော့ မိုးကုတ်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၆ ရက်မှာတော့ PLA က TNLA နဲ့ ပူးပေါင်းကာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ သီပေါမြို့သိမ်းတိုက်ပွဲမှာလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ဖြတ်တောက်ရေးတာဝန်ယူကာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၇ မိုင်၊ ကျောက်ကြီး၊ စစ်ကောင်စီရဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) နဲ့ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့နဲ့အတူ ၆၁၁ တပ်မဟာအတွင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ လားရှိုး PDF၊ မိတ္ထီလာ PDF၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ PLA က ဆိုပါတယ်။

၁၀၂၇နှစ်ပတ်လည်ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့ရှိ အမှတ်(၉၈၁)တပ်ဂိတ် ဖောက်ခွဲတိုက်ခိုက်
သတိုး/People’s Spring
၁၀၂၇စစ်ဆင်ရေး နှစ်ပတ်လည်ကိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ အမှတ်(၉၈၁)တပ်ရင်းဂိတ်ကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Dark Shadowအဖွဲ့က အသိပေးထားသည်။
အောက်တိုဘာ ၂၇ရက် ည ၇နာရီခွဲတွင် အဆိုပါဂိတ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း Dark Shadow ကထုတ်ပြန်ထားသည်။
“ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းအကြောင်းပြ၍ မသက်ဆိုင်သော ပြည်သူများ/ရဲဘော်များ မတရားသဖြင့်ဖမ်းစီးခံရမှုများကိုလဲ နေ့စဉ်ကြားသိနေရသည့်အပြင် မကြာသေးမှီက ငရဲခန်းကိုဖြတ်သန်းခဲ့ရသော ဘုတလင်ဖြစ်စဉ်မှ ပြည်သူများ/ရဲဘော်များကိုယ်စား ကျွန်ုပ်တို့ Dark Shadow အဖွဲ့မှလက်တုန့်ပြန်သွားမည်ဟု ဂတိသစ္စာပြုပါသည်။”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယမန်နေ့ညက ခရေပင်လမ်းခွဲအနီးရှိ အမှတ် (၉၈၁)ဂိတ်အပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရန်ကုန်မြေပြင် သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network-RSN က ဖော်ပြထားသည်။
အဆိုပါ တပ်ရင်းဂိတ်ကို ၂၀၂၂စက်တင်ဘာညကလည်း မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့သေးသည်
Dark Shadow အဖွဲ့အနေဖြင့် အခြားပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက် သည့်‌ နေရာများကို ဝေးဝေးမှရှောင်သွားရန် အသိပေးထားသည်။
ယခုနှစ်အတွင်း Dark Shadow အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရသော်လည်း အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်ကလည်း လှော်ကားလမ်းဆုံ အနီးရှိ ခမရ(၁၀၆)တပ်ရင်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA) ၊ တအာင်း(TNLA)၊ အာရက္ခတပ်တော်(AA) တို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို ၁၀၂၇စစ်ဆင်ရေး အမည်ဖြင့် တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းရာချီကို MNDAAက စစ်ဆင်ရေး တစ်နှစ်အတွင်း သိမ်းပိုက်ခဲ့သည်။
အလားတူ TNLAကလည်း စစ်ဆင်ရေးတစ်နှစ်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်း ၁၂မြို့နှင့် တပ်စခန်းရာချီ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
(ရန်ကုန်မြို့တနေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားအချို့။ ဓာတ်ပုံ – GETTY IMAGES)