ပြင်ဦးလွင်မြို့၊ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်နှင့်အဖွဲ့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေပြီး စစ်မှုမထမ်းလိုလျှင် လူငယ်တစ်ဦး သိန်း ၈၀ ခန့် ပေးရမည်ဟု တောင်းခံ

by

in

ပြင်ဦးလွင်မြို့၊ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်နှင့်အဖွဲ့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေပြီး စစ်မှုမထမ်းလိုလျှင် လူငယ်တစ်ဦး သိန်း ၈၀ ခန့် ပေးရမည်ဟု တောင်းခံ
ရန်ကုန်၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဒိုးကွင် ရပ်ကွက်ကြီး ၁၈ ဒိုးကွင်တွင် အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးအောင်လွင်က တစ်လလျှင် လူငယ် ၂ ဦးကို တပ်သားသစ်များအဖြစ် စစ်မှုထမ်းသင်တန်းသို့ မဖြစ်မနေပို့ဆောင်ရမည်ဟုဆိုကာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းနေပြီး စစ်မှုထမ်းမလိုက်လိုလျှင် လူငယ် ၁ ဦး သိန်း ၈၀ ပေးရမည်ဟု တောင်းခံနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်ဖက်စစ်ကောင်စီခန့် ရပ်ကွက်ကြီး ၁၈ ဒိုးကွင် အုပ်ချုပ်ရေးမှူး အောင်လွင်နှင့် အပေါင်းပါများဖြစ်သည့် ဖိုးသိမ်း၊ မောင်အေး၊ မျိုးကြီး၊ အောင်ကြည်၊ မင်းထိုက်တို့က ငွေကြေးမတတ်နိုင်သော ဆင်းရဲသည့် မိသားစုများမှ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းတပ်သားသစ်များအဖြစ် ခေါ်ယူထည့်သွင်းနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။
“ပိုက်ဆံလည်း မရှိကြတော့ မိသားစုတွေ ငိုရုံမှ လွဲ မတတ်နိုင်ပါဘူး။ အရမ်းနှိပ်စက်ကြတယ်။ သူတို့ ပိုက်ဆံမရှိတဲ့ အိမ်တွေကို စစ်သားတွေ ခေါ်ခေါ်လာပြီး ရွာထဲလည်း ကင်းစောင့်လိုက်၊ ပြီးတော့ လူကြီး လာမယ်ဆိုလည်း ညစာကျွေးမယ်ဆိုပြီး ပိုက်ဆံတွေလည်း ကောက်တယ်။ ရွာက မီးလိုင်းပြောင်းမယ်ဆိုပြီး တစ်အိမ်ကို ၂ သိန်းကောက်ပါတယ်။ တကယ်လည်း မီးလိုင်းပြောင်းတာ မလုပ်ပေးပါဘူး။ သူတို့ကို ကြောက်တော့လည်း ဘယ်သူမှ မပြောရဲကြဘူး”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဒိုးကွင် အုပ်ချုပ်ရေးမှူး အောင်လွင်နှင့် အပေါင်းအပါများက စစ်တပ်အရာရှိများနှင့် ပူးပေါင်းပြီး ဂျင်ဝိုင်းများ၊ လောင်းကစားဝိုင်းများနှင့် နှစ်လုံးထီ၊ သုံးလုံးထီများ ပေါ်ပေါ်တင်တင် ဖွင့်လှစ်နေကြောင်း၊ ရပ်ကွက်တွင် အကြောင်းအမျိုးမျိုးပြ ရှာဖွေစစ်ဆေးပြီး ငွေကြေး ခြိမ်းခြောက်တောင်းယူမှုများ မကြာခဏဆိုသလို ကျူးလွန်နေကြောင်း သိရှိရသည်။
“အခုလည်း ရွေးကောက်ပွဲအတွက် ဆိုပြီး ဧည့်စာရင်းစစ်တယ် ပြောပြီး အိမ်တွေကို လူရှာတဲ့ ပုံစံနဲ့ ခွင့်မပြုလည်း တစ်အိမ်လုံး ဝင်ရှာပါတယ်။ သူကြီးနဲ့ သူ့အပေါင်းအပါတွေက ရသမျှ ပိုက်ဆံတွေ ဖြောင်ကြပါတယ်။ ရွာရဲ့ ရန်ပုံငွေဆိုပြီးကောက်နေတာ စာရင်းအရ သိန်း ၁ ထောင်ကျော်နေပြီ။ အမေစု လက် ထက်က နာ/ကူ ဦးကျော်သူတို့ လာတည်ထောင်ထားတဲ့ နာရေးကူညီမှု ရုံးလည်း သူတို့ပဲ ယူထားတာပါ။ လှူထားတဲ့ နာရေးကားတွေလည်း အကုန်ပျက် စီးပြီး ချောင်ထဲ ထိုးထားကြပါတယ်။ ရွာမှာ Accident တစ်ခုခု ဖြစ်ရင်တောင် တခြားရွာက ကာားလာမှ သွားရပါတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်မြို့တွင် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ စစ်များကို လက်နက် ကိုင်ဆောင်ခွင့်ပေးထားသည့်အပြင် လောင်းကစားနှင့် အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံခွင့်များကိုလည်း မျက်ကွယ်ပြုပေးထားကြောင်း ပြင်ဦးလွင်မှ ဒေသပြည်သူများက ဆိုကြသည်။
ဓာတ်ပုံ- ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၈ တွင် စစ်ကောင်စီက ယမန်နှစ် လုံခြုံရေးအတွက် ပြည်သူများ ပူးပေါင်းကြရန် စည်းရုံးရေး ဆင်းနေစဉ်။