ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ

by

in

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းအတွင်း လာမည့်နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ် သားသစ်များ ကြိုတင်စုဆောင်းရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
ယခုအောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းက သတ်မှတ် လျာထားချက် ပြည့်မီစွာ တပ်သားသစ်များ စုဆောင်းနိုင်ခဲ့ပြီး ယင်းအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ သတ်မှတ်တပ်သားသစ်အရေအတွက်ရရှိရေး ကြိုတင် လူများ စုဆောင်းထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ စစ်မှုထမ်း အပတ်စဉ် ၆ တွင် တချို့သော ပြည်နယ်/တိုင်းများတွင် လူအပြည့် မရခဲ့သဖြင့် စစ်သင်တန်းဖွင့်လှစ်မှု နောက်ကျမှုများရှိခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်း အပတ်စဥ် ၇ အတွက် လူကြိုရှာထားဖို့ ညွှန်ကြားလာပါတယ်။ အခုက တဖြည်းဖြည်းနဲ့ လူငယ်တွေက ရှားလာပြီ။ အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိက အချုပ်သားတွေ၊ အောက်ခြေလူတန်းစား အတော်များများ ခေါ်သွားခဲ့ပြီးပြီဆိုတော့ လာမယ့် အပတ်စဉ် ၇ အတွက် လူမပြည့်မီမှာစိုးလို့ ညွှန်ကြားချက် ထွက်လာတာထင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၄၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်ကား ၂၅ စီးခန့်ပါဝင်ပြီး တစ်စီးလျှင် လူဦးရေ ၂၀ ဝန်းကျင်ပါဝင်ကြောင်း၊ လုံခြုံရေးအပြည့်ဖြင့် လူငယ် သင်တန်းသားများကို ခေါ်ဆောင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းအတွင်း ယခုအောက်တိုဘာလ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၆ အတွက် တပ်သားသစ် ၁၂၀၀ ကျော်စုဆောင်းရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းတချို့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အချုပ်သား အမျိုးသားများကို အမှုပယ်ဖျက်ပေးပြီး တပ်သားသစ်များအဖြစ် စုဆောင်းခဲ့ကြောင်း၊ အမှုပယ်ဖျက်ပေးခဲ့သော အချုပ်သားမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ မှောင်ရိပ်ခိုမှု၊ မူးယစ်ရမ်းကားမှု၊ ဧည့်စာရင်းမတိုင်ကြားမှု၊ နှစ်လုံးထီ၊ သုံးလုံးထီ အပါအဝင် လောင်းကစားအမှုများ၊ ဆေးသုံးစွဲမှုများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
“အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိကတော့ ရန်ကုန်မှာ ရပ်ကွက်ထဲ အလုပ်အကိုင်မရှိ၊ လမ်းဘေးအခြေအနေမဲ့၊ အရပ်စကားနဲ့ပြောရရင် ဂျလေဘီ တွေကို အုပ်ကြီးတွေနဲ့ တတ်နိုင်တဲ့လုပ်ငန်းရှင်တွေဆီက ငွေကောက်၊ ငွေစု ထောက်ပံ့ကြေးပေးပြီး လူရှာပေးနေကြတာ။ အဲလိုရှာပေးတဲ့အတွက် ရပ်ကွက်ထဲက ကျောင်းသား၊ ဘွဲ့ရ အလုပ်လုပ်နေကြတဲ့ လူငယ်လူကောင်းတွေ နေသာနေသေးတာ။ အခုက ရပ်ကွက်ထဲ ဂျလေဘီတွေလည်း ကုန်သလောက်ဖြစ်နေပြီ။ ဘယ်ကရှာထည့်ရမလဲမသိတော့တဲ့အတွက်ကျောင်းသားနဲ့ လူငယ် လူကောင်းတွေမျက်ခုံးလှုပ်နေကြပြီ။ တိုက်ပွဲတိုင်းမှာလည်း အသေများနေတော့ စစ်မှုထမ်းရမယ့် အခြေအနေက တဖြည်းဖြည်းနဲ့ ကောင်း ရောင်းကောင်းဝယ်လုပ်နေတဲ့သူနဲ့ ကျောင်းတက်နေတဲ့ လူငယ်တွေဆီ ရောက် လာနေပြီ” ဟု ရန်ကုန်မြို့မှ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ပြီး လူငယ်များကို တပ်သားသစ်များအဖြစ် အတင်းအကျပ်စုဆောင်းကာ စစ်သင်တန်းတက်စေခဲ့ကြောင်း၊ ယခု အခါ စစ်မှုထမ်း အပတ်စဉ် ၇ သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၆ အတွက် အတင်းအဓမ္မ စုဆောင်းခံရသော လူငယ်များ။