ပြည်ပထုတ်ကုန်များ တင်ဆောင်သည်ဟုဆိုကာ အိမ်စီးကား၊ ကုန်ကားနှင့် ခရီးသည်တင်ကားများကို စစ်ကောင် စီက သိမ်းယူနေပြီး ကချင်၊ ကရင်နှင့် မန္တလေးတွင် ကား ၈ စီး အသိမ်း ခံရ

by

in

ပြည်ပထုတ်ကုန်များ တင်ဆောင်သည်ဟုဆိုကာ အိမ်စီးကား၊ ကုန်ကားနှင့် ခရီးသည်တင်ကားများကို စစ်ကောင် စီက သိမ်းယူနေပြီး ကချင်၊ ကရင်နှင့် မန္တလေးတွင် ကား ၈ စီး အသိမ်း ခံရ
ရန်ကုန်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းသယ်ဆောင်လာသည်ဟုဆိုကာ ကုန်ပစ္စည်းတင်ဆောင်လာသော အိမ်စီးကား၊ ခရီးသည်တင်ကားနှင့်ကုန်ကားများကိုပါ စစ်ကောင်စီက သိမ်းယူလျက်ရှိကြောင်း မော်လမြိုင်အခြေစိုက် အဝေးပြေး ကုန်စည်သယ်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း မြ၀တီမြို့မှ ယိုးဒယားပစ္စည်းများတင်ဆောင်လာသော ကုန်ကားများ အပါအဝင် ယာဉ်များကို စစ်ကောင်စီက လမ်းတလျှောက် စစ် ဆေးရေးဂိတ်များစွာ ချ၍ စစ်ဆေးလျက်ရှိရာ ယိုးဒယားပစ္စည်းများ တွေ့ရှိပါက ယာဉ်ကိုပါ သိမ်းဆည်းနေကြောင်း၊ ယာဉ်မောင်းကိုလည်း ဖမ်းဆီးထားကြောင်း ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့မှာ ကုန်ကားများပါ သိမ်းဆည်းခံရနေ၍ အလွန်ဒုက္ခဖြစ်နေရကြောင်း သိရှိရသည်။
“အရင်လတွေတုန်းကတော့ ကုန်ပဲ ဖမ်းတာ။ လူနဲ့ကား ကို ညှိနှိုင်းပြီး ငွေပေးရင် ပြန်လွှတ်ပေးတယ်။ အခုက ကုန်တင်မဟုတ်ဘူး။ ယာဉ်မောင်းရော ကားရော သိမ်းပစ်တယ်။ အဲဒါ လိုက်ကြည့်တော့ မရဘူး။ စီမံချက်နဲ့ ဖမ်းခိုင်းနေလို့ ပြန်ရွေးခွင့်မပေးဘူး။ ကားကလည်း ဆုံးမလိုဖြစ်နေတယ်။” ဟု မော်လမြိုင် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်က ရှင်းပြသည်။
စစ်ကောင်စီ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကချင်ပြည်နယ်၊ ၂၁ မိုင်ဂိတ်တွင် မြစ်ကြီးနားမြို့မှ နမ္မတီးမြို့သို့ သွားရောက်မည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး ကို ဖမ်းဆီးရရှိခဲ့ပြီး ယင်းပစ္စည်းများကို တင်ဆောင်လာသော Nissan AD Van နှင့် Hiace Mini Bus ကား ၂ စီးတို့ကို သိမ်းယူလိုက်ကြောင်း ၊ အလားတူ ကရင်ပြည်နယ်၊ ထီလုံ-ဘားအံလမ်းရှိ ခမရ ၂၀၂ စစ်ဆေးရေးဂိတ်တွင် ပြည်ပမှ ကုန်ပစ္စည်းများ တင်ဆောင်လာသော Toyota Probox ကား ၂ စီး၊ Mitsubishi Canter Truck ကား ၁ စီး၊ Forland Dump Truck ၁ စီး ၊ Yutong Bus ကား ၁ စီးတို့ကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း၊ မန္တလေးတိုင်း ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ပြည်ပသွင်းကုန်များ တင်လာသော စက်မှုဇုန်ထုတ် Myanmar Station Wagon ကား ၁ စီးကို သိမ်းဆည်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ကုန်ကားသိမ်းခံရသော လုပ်ငန်းရှင်တချို့က ဂိတ်တာဝန်ကျ စစ်တပ်နှင့်ဆက်သွယ်သောအခါ ကားတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို ငွေပေး၍ ရွေးယူမှသာလျှင် ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း၊ မော်လမြိုင်မှ ကားသိမ်းခံရသော လုပ်ငန်းရှင်တချို့ ကားတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို ပေး၍ ထုတ်ယူနိုင်မှုများရှိကြောင်း သိရှိရသည်။
“သိမ်းသွားတဲ့ တပ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ကြည့်တော့ ကားတန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းပေးရင် ကားပြန်ပေးမယ်။ ဘာလို့ဆိုတော့ အစားထိုးကားတစ်စီးထည့်ရမှာမို့လို့ ပြောတယ်။ ၈၀ ရာခိုင်နှုန်းဆိုတော့လည်း ကားသိပ်မကောင်းရင် မရွေးတော့ဘူး။ တချို့တော့ ကားက ကောင်းနေသေးတော့ ရွေးကြသူတွေရှိတယ်” ဟု အဆိုပါ ကုန်စည်လုပ်ငန်းရှင်က ရှင်းပြသည်။
အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အကြမ်းဖက်ဒု စစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရန်၊ လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရန် ညွှန်ကြားပြီးနောက် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခု။