ပြင်ဦးလွင်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် တိုက်ခိုက်ခံရမည်စိုးရိမ်၍ စစ်ကောင်စီက လုံခြုံရေးတပ်လှန့်ထားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတချို့ ပြတ်တောက်

by

in

ပြင်ဦးလွင်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် တိုက်ခိုက်ခံရမည်စိုးရိမ်၍ စစ်ကောင်စီက လုံခြုံရေးတပ်လှန့်ထားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတချို့ ပြတ်တောက်
ရန်ကုန်၊ အောက်တိုဘာ ၂၆
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်အဖြစ် တိုက်ခိုက်ခံရမည်စိုးရိမ်၍ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေး တပ်လှန့်ထားပြီး ယခုနံနက်ပိုင်းတွင် ဖုန်းလိုင်းတချို့နှင့် Wifi အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နှစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် အကြမ်းဖက်စစ်ကောင်စီမှာ အလွန်အထိနာခဲ့ပြီး လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်ကြမ်း အပါအဝင် စစ်တပ်၏ စိုးမိုးစခန်းများ၊ ဗျူဟာစခန်းများနှင့် ဒကစဌာနချုပ်များကို စွန့်လွှတ်ခဲ့ရကြောင်း၊ လာမည့် မနက်ဖြန် ကျရောက်မည့် အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ၁ နှစ်ပြည့်အဖြစ် လည်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ စစ်ကောင်စီက ပြင်ဦးလွင်တစ်မြို့လုံးတွင် လုံခြုံရေး အထူး သတိထားရန် တပ်လှန့်ထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
“၁၀၂၇ နှစ်ပတ်လည်ရှိလို့ လုံခြုံရေး တိုးမြှင့်ထားတယ်” ဟု ပြင်ဦးလွင်မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စိုးမိုးတောင်ကုန်များတွင်လည်း စစ်ကောင်စီက အင်အားများ တိုးမြှင့်ချထားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“ပြင်ဦးလွင် ပန်းဦးတောင် ကုန်းပေါ်ကနေ နောင်ချို မိုးကုတ် ဘက်က လာကြတာတွေကို အပေါ်စီးကနေ အားလုံး လှမ်းမြင်ရတဲ့ စစ်ခွေး ဗျူဟာကုန်း ရှိနေပါတယ်။ တောင်ကုန်းပေါ်မှာအင်အားများများနဲ့ အမြှောက်တွေတင်ပြီး တပ်စွဲထားတယ်။ မိုးကြိုး ဘုရား ကုန်းပေါ်မှာလည်း တပ်စခန်းအကြီးအကျယ်ချထားတယ်။ စိုးမိုးကုန်းတွေ တော်တော်များများမှာ နေရာယူထားတာ” ဟု​ ပြင်ဦးလွင်မြို့မှ မြို့ခံတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယနေ့ နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ပြင်ဦးလွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းတချို့ ​ ပြတ်တောက်သွားကြောင်း၊ မင်းအောင်လှိုင် ပြင်ဦးလွင်သို့ စစ်လက်ရုံး လာရောက်ရွေးချယ်စဉ်ကလည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံး ၅ ရက်ကြာ ဖြတ်တောက်ခံခဲ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ပြင်ဦးလွင်မှာ အင်တာနက်ကော ဖုန်းလိုင်းတချို့ ပြတ်တောက်သွားတယ်။ ဒီမနက် ၁၀ နာရီက တည်းက ဘာမှဆက်သွယ်လို့မရတော့ဘူး။ ဒီမနက် မနက် ၉ နာရီ ၄၅ မိနစ်မှာ Wifi အင်တာနက်လိုင်းတွေ ပြတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ ယခင်ထက်ပိုမို၍ လုံခြုံရေးများ တိုးမြှင့်သည့်အပြင် မြို့နယ်တစ်ဝန်းတွင် ညပိုင်း ဒရုန်းများ လွှတ်တင်၍ ကင်းထောက်လှမ်းမှုများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် ယမန်နှစ် နိုဝင်ဘာလ ညပိုင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)