ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

by

in

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…
အောက်တိုဘာ ၂၆ ၊ ၂၀၂၄
ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
အင်းမမြို့အခြေစိုက် အင်းမ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်ကတည်းက ရိုးမပေါ်ကို စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ တချို့ရွာတွေ လက်လွတ်ပေးလိုက်ရပါပြီ။ စကစဘက်ကလည်း တော်တော်တော့ ကျပါတယ်။ ဒါပေမယ့် သူတို့တွေက အသေခံပြီးကို တက်လာတာ။ အင်အားကလည်း ၂၀၀ ကျော်လောက်ရှိနေပြီ။” လို့ မြေပြင်ရဲဘော်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပဲခူးရိုးမထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ကောင်စီတပ်က ရွာတွေ မီးလိုက်ရှို့နေတာကို ရသလောက် တားဆီးနေတာဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာ ၅ ရွာ လက်လွတ်ပေးလိုက်ရကာ ပြည်သူတွေမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
သူကပဲ ဆက်လက်ပြီး “လက်ရှိမှာ ရွာ ၅ရွာနဲ့ သင်ခရိုင် ပရဟိကျောင်းက ဘုန်းကြီးတွေနဲ့ ကလေးတွေကို သူတို့ ဝင်စီးထားပြီးပါပြီ။ ကျွန်တော်တို့လည်း မိုင်းတွေဆွဲတာပဲ။ မိုင်းဆွဲတာ သူတို့ထိသွားတာလည်း မျက်မြင်ပဲ ။ အဲ့တာလည်း ထပ်တက်လာတာ။ နောက်တော့လည်း တရစ်ပြီး တရစ် ဆုတ်ပေးလိုက်ရတယ်။ ဒီထက်တော့ မကျော်လာအောင်တော့ ကျွန်တော်တို့ ကာကွယ်နေပါတယ်။” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာလည်း ကန့်နီကျေးရွာကိုက ဘော်ဘင်တိုက်ဆိုတဲ့နေရာက ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
ပုံစာ – တောင်ပိုင်းစစ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ