မြန်အောင်တွင် အသက် ၃၅နှစ်မှ ၆၅နှစ် အတွင်းရှိသူများကို စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်း

by

in

မြန်အောင်တွင် အသက် ၃၅နှစ်မှ ၆၅နှစ် အတွင်းရှိသူများကို စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်း
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြိုနယ်တွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူများကို အောက်တိုဘာ ဒုတိယပတ်ကစတင်ပြီးစစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။
လက်ပံကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ ခြောက်ရွာရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြည်သူ့လုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုကာ မဲနှိုက်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ထို့ပြင် မြန်အောင်မြို့နယ်၊ ထိန်သေးကြီးအုပ်စုတွင်လည်း ပြည်သူ့လုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုကာ မဲနှိုက်ခိုင်းခဲ့သည်ဟု ဒေသခံများကဆိုသည်။
“ဘယ်သူမှ စစ်သင်တန်းတက်ဖို့ မလိုက်ချင်ကြဘူး၊ ဒါကြောင့် အတင်းအကျပ်တွေ မဲနှိုက်ခိုင်းပြီး သင်တန်းတက်ဖို့ တပ်ထဲကို သွားခိုင်းတာ။ ရပ်ရွာလုံခြုံရေးအတွက်လို့တော့ ပြောတာပဲ” ဟုလက်ပံကွင်းအုပ်စုရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း ရှိသူများကို ကျေးရွာအုပ်စု၊ ရပ်ကွက်၊ လုံခြုံရေးအတွက်တာဝန်ယူရမည်ဟုပြောဆိုကာ မဲနှိုက်ခိုင်းပြီး မဲပေါက်သူများမှာ မြန်အောင်မြို့ ခလရ ၅၁ တပ်ရင်းတွင် စစ်သင်တန်းတက်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဩဂတ်လအတွင်းကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ ကို ပြည်သူ့လုံခြုံရေးထမ်းဆောင်ရမည်ဟုဆိုကာ စာရင်းတောင်းယူခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခင်က အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းရန်အတွက် ခေါ်ယူခဲ့သည့်အပြင် ယခုအခါ သြဂုတ်လကစတင်ပြီး မြို့၊ ရပ်ကွက်၊ အုပ်စု၊ ကျေးရွားများ၏ လုံခြုံ‌‌‌‌ရေးအတွက် အကြောင်းပြကာ အသက် ၃၅နှစ်မှ ၆၅နှစ်အထိ ထပ်တိုးကာ စစ်မှုထမ်းရန် စာရင်းများကောက်ယူနေခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ
#လက်ပံကွင်း #ထိန်သေးကြီး #မြန်အောင် #အသက်၃၅နှစ် #၆၅နှစ် #စစ်သင်တန်းတက်ရန် #မဲနှိုက်ခိုင်း #Ayeyarwaddy_Times