တရုတ်ပြည်နယ်စပ်ဂိတ်များ ပိတ်ပင်မှုအပေါ် ရွှေစျေး သိန်း ၁၀၀ ဖြစ်မည်ဟု စျေးဆွဲတင်နေသဖြင့် ထိန်းသိမ်းရောင်းဝယ်ကြရန် ရွှေအသင်းက ကြေညာချက်ထုတ်

by

in

တရုတ်ပြည်နယ်စပ်ဂိတ်များ ပိတ်ပင်မှုအပေါ် ရွှေစျေး သိန်း ၁၀၀ ဖြစ်မည်ဟု စျေးဆွဲတင်နေသဖြင့် ထိန်းသိမ်းရောင်းဝယ်ကြရန် ရွှေအသင်းက ကြေညာချက်ထုတ်
ရန်ကုန်၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို တိုင်းရင်းသား တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်များကို ပိတ်ပင်လျက်ရှိရာ ယင်းအခြေအနေအပေါ်မူတည်၍ ရွှေစျေး ငွေကျပ်သိန်း ၁၀၀ ဖြစ်မည်ဟု စျေးဆွဲတင်နေမှုများကို ထိန်းသိမ်းရောင်းဝယ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့ အသိပေး ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးတက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လျက်ရှိကြောင်း၊ တရုတ်ပြည်နယ် စပ်ဂိတ်များ ပိတ်ပင်ခြင်းအကြောင်းပြုပြီး ဒေါ်လာစျေးကစားမှုများပြုလျက်ရှိကြောင်း၊ ဒေါ်လာစျေးကို ယမန်နေ့ တစ်ဒေါ်လာ ၄၇၅၀ ကျပ်အထိ စျေးဆွဲတင်ပြီး ရွှေစျေးကိုလည်း မြှင့်တက်လျက်ရှိကြောင်း၊ ဒေါ်လာစျေးမတက်လျှင် ရွှေစျေးမှာ သိန်း ၈၀ ၊ ဒေါ်လာစျေးတက်လျှင် ရွှေစျေးမှာ သိန်း ၁၀၀ ဖြစ်မည်ဆိုသော သတင်းများ ထုတ်လွှင့်ပြီး ရွှေစျေးကို ဆွဲတင်နေကြောင်း ရန်ကုန်တိုင်းရွှေအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကောလဟာလသတင်းများကို ယုံကြည်ပြီး အရောင်းအဝယ် မပြုလုပ်ကြရန်၊ ရွှေစျေးကို ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြရန် ရွှေအသင်းက ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းရှင်များ ကို အသိပေးကြေညာပြီး ရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၆ သိန်း ၃ သောင်းဝန်းကျင်သတ်မှတ်ထားကာ ပြင်ပစျေးကွက်၏ ရွှေစျေးနှုန်းနှင့်နှိုင်းယှဉ်လျှင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၂ သိန်းနီးပါး ကွာဟနေသည်။
လတ်တလော စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၇ သိန်း ၅ သောင်းကျပ်နှင့် ၆၈ သိန်းအကြား စျေးပေါက်နေပြီး အဓိကအားဖြင့် ငွေကြေးတတ်နိုင်သူများ၊ ကျပ်ငွေကို လက်ထဲ မကိုင်ထားလိုသူများကသာ ဝယ်ယူစုဆောင်းကြကြောင်း၊ သာမန်ပြည်သူများမှာ လက်ဝတ်လက်စားများကို တစ်ပိုင်တစ်နိုင်သာ ဝယ်ယူကြကြောင်း ရန်ကုန်မှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။
“ရွှေက အရင်လိုငွေဖြစ်မလွယ်တော့ဘူး။ စစ်တပ်က ကြေညာချက်အမျိုးမျိုးထုတ်တော့ ရွှေကုန်သည်နဲ့ချိတ်ထားတဲ့ Network ရှိတဲ့သူတွေပဲ အဓိက ဝယ်ကြတာ။ သာမန်ပြည်သူက ရွှေဝယ်ရင် ရှုံးသလိုဖြစ်နေတယ်။ စစ်တပ်က သူတို့ ရည်ညွှန်းစျေးနဲ့ပဲ ရောင်းခိုင်းတာ။ အဲဒီတော့ အဆက်အသွယ်မရှိတဲ့ သာမန်ပြည်သူက ရွှေသွားဝယ်ရင် အပြင်ပေါက်စျေးနဲ့ တွက်ပြီး အလျော့တွက် လက်ခ တအားပေးရတယ်။ သွားပြန်ရောင်းရင် ရွှေအသင်းရဲ့ သတ်မှတ်ပေါက်စျေးနဲ့ပဲ ရွှေဆိုင်က ပြန်ဝယ်တယ်။ အဲဒီတော့ ရှုံးတာပေါ့။ ရွှေက ငွေဖြစ်တော့အရင်ကလောက်တော့ မလွယ်ဘူး။ အဆက်အသွယ်မရှိရင် ရှုံးတောင် ရှုံးသလိုဖြစ်နေတယ်။ ရွှေဝယ်ကြတာက လက်ထဲမှာ ကျပ်ငွေ မထားချင်တဲ့ စီးပွားရေးသမားနဲ့ ငွေတတ်နိုင်သူတွေပဲ ဝယ်ကြတာများတယ်” ဟု ရန်ကုန်ရွှေကုန်သည်က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အတွင်းသို့ ပြင်ပမှ သွင်းကုန်များ တင်သွင်းမှုအားလုံးကိုလည်း ရပ်ဆိုင်းထားသည့်အပြင် ပို့ကုန်ရငွေရှိမှသာလျှင် သွင်းကုန်တင်သွင်းခွင့်ပြုမည်ဆိုသော စနစ်ကိုပါ ကျင့်သုံးနေ၍ ပြည်တွင်းစျေးကွက်၏ အမေရိကန်ဒေါ်လာလိုအပ်ချက် လျှော့ကျနေကြောင်း၊ သို့ရာတွင် ထိုင်းနိုင်ငံတွင် ကွန်ဒိုများ ဝယ်ယူကြခြင်း၊ စီးပွားရေးလုပ်ငန်းများပြောင်းရွှေ့ခြင်းများ ဆက်လက်ရှိနေသဖြင့် ဒေါ်လာမှာ ရေရှည်တွင် ပြန်လည်မြင့်တက်ရန်ရှိနေကြောင်း၊ လက်ရှိစစ်ကောင်စီက အမိန့်အာဏာဖြင့် စျေးကွက်ကို အတင်းအကျပ် ထိန်းချုပ် နေသဖြင့် စျေးကျဆင်းသည့်သဘောပုံစံ ဖြစ်ပေါ်နေရကြောင်း ရန်ကုန်မှ ဒေါ်လာလက်ကြီးဝယ်ရောင်း ဒိုင်တချို့က သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တချို့။