အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ဟုဆို

by

in

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၅
အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်လည်းဖြစ်၊ အာဏာရှင်ဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖခင် ဒေါက်တာနေစိုးမောင်ကို အ ကြမ်း ဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်သည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်ကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားကြောင်း၊ အဓိက အားဖြင့် Dr Nay Soe Maung Facebook လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့ ၍ ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထား သည်။
ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ ယခင်ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်သည်။ ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။
NLD ပါတီဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ဒေါက်တာနေစိုးမောင်က အောက်တိုဘာလ ၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြေကွဲ၍ ခံစားချက်များ ပြင်းထန်ရကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်
ကိုယ့်ပြည်သူတွေအတွက်
ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင်
အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့
ဆရာ နေမကောင်းတဲ့ ကာလမှာ
ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့
စိတ်မကောင်းဖြစ်ရပါတယ် ဆရာ….
မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့
အိပ်စက် အနားယူပါတော့ ဆရာ….
နောင်ဘဝမှာ လူဖြစ်ခဲ့လျင်
လွတ်လပ် တရားမျှတပြီး
လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာ
လူပြန်ဖြစ်ပြီး
လူသားတွေရဲ့ အကျိုးကို
ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ….။” ဟု ရေးသားခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေက မင်းအောင်လှိုင်ကို နားမချလေသလားဟု လူမှုကွန်ရက်တွင် မေးမြန်းလာမှုများကို ဒေါက်တာနေစိုးမောင်က “ကျွဲပေါင်းစောင်းတီး” ဟု Reply ပြန်ပေးခဲ့ပြီး နောက်ပိုင်းတွင် ယင်း Reply Comment ကို ပြန်လည် ဖျက်သွားခဲ့ဖူးသည်။
ဒေါက်တာနေစိုးမောင်က စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိပြီး “မြန်မာပြည်သူအပေါင်း လေ ယာဉ်သံ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီ ရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေ” ဟု စစ်တပ်၏ လေယာဉ်ဖြင့် ပြည်သူများအပေါ် ဗုံးကျဲနေမှုကို အောက်တို ဘာလ ၃ ရက်နေ့တွင် ဝေဖန်ရေးသားခဲ့သည်။