ပြင်ဦးလွင်မှ နောင်ချိုသို့ ရှေ့တိုးသောစစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွား

by

in

ပြင်ဦးလွင်မှ နောင်ချိုသို့ ရှေ့တိုးသောစစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွား
ဒီးဒီ/People’s Spring
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအထိုင်စခန်းမှ နောင်ချိုမြို့နယ်အတွင်း ရှေ့တိုးလာသော စစ်ကောင်စီတပ် တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ အထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များက တားဆီးတိုက်ခိုက်ခဲ့ခြင်းဟု နောင်ချိုပကဖမှ ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာ ၂၂ရက်က နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ဂန့်ဂေါကျေးရွာကြား၌ နယ်ကျွံဝင်လာ၍ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅၀ခန့်အထိ သေဆုံးခဲ့သည်ဟု နောင်ချိုပကဖမှ ရဲဘော်က လူထုနွေဦးသို့ ပြောသည်။
” ကျွံလာတာ။ သူတို့ ရှေ့မတိုးရဲတော့ဘူး။ ဒီနေ့ ငြိမ်နေတယ်”ဟု ၎င်းက ပြောသည်။
ဂန့်ဂေါရွာအနီးတိုက်ပွဲနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ စစ်ကောင်စီတပ် သေဆုံးမှုနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက် မရသေးပေ။
စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီး၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ဂေါရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
လက်တလောတွင် ပြင်ဦးလွင်မြို့အတွင်း တည်ငြိမ်နေပြီး ည ၇နာရီနောက်ပိုင်းတွင် မြို့တွင်း နေရာအချို့၌ စစ်ဆေးမှုရှိကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
” အခုထိတော့ ပြင်ဦးလွင်က အေးအေးဆေးဆေးပဲ။ စစ်ရှောင်ကြတယ်ဆိုတာလည်း မကြားမိဘူး။ မဟုတ်ပါဘူး။ မြို့ပေါ်မှာ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာမှမထူးသေးဘူး။ အပြင်မှာ ဘာကြားလဲ မသိဘူး။ ဆိုင်တွေလည်း မပိတ်ဘူး။ ပုံမှန်ပဲ”ဟု ပြင်ဦးလွင်မြို့ခံက ပြောသည်။
အောက်တိုဘာ ၁၉ရက်က စတင်တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။
လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။