ဆီဆိုင်များအားလုံး ငွေသိန်း ၁၀၀၀ နီးပါး အနည်းဆုံး ကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ် တပ်ဆင်ရန် ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေး 🟥ထိုစနစ်များမတပ်ဆင်လျှင် ဆီရောင်းခွင့်ပိတ်ပင်နေပြီး ဒေါ်လာနည်းပါးနေ၍ စက်သုံးဆီတင်သွင်းမှု စစ်ကောင်စီက အကြီးအကျယ်လျှော့ချမည်

by

in

ဆီဆိုင်များအားလုံး ငွေသိန်း ၁၀၀၀ နီးပါး အနည်းဆုံး ကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ် တပ်ဆင်ရန် ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေး
🟥ထိုစနစ်များမတပ်ဆင်လျှင် ဆီရောင်းခွင့်ပိတ်ပင်နေပြီး ဒေါ်လာနည်းပါးနေ၍ စက်သုံးဆီတင်သွင်းမှု စစ်ကောင်စီက အကြီးအကျယ်လျှော့ချမည်
ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်းဆိုင်များအားလုံး အနည်း ဆုံးငွေကျပ် သိန်း ၁၀၀၀ နီးပါးကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက် ရိုက်စစ်ဆေးနိုင်သော Real Time စနစ်များ တပ်ဆင်ရန် ကုန်စည် စီးဆင်းမှု မှန်ကန်မြန် ဆန် စေရေးဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နေပြည်တော် ရုံးအမှတ် ၆ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် Smart Card ဖြင့် စက်သုံးဆီရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးသို့ စွမ်းအင်ဒုဝန်ကြီး၊ ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်တို့ကို တက်ရောက်ကာ သိန်း ၁၀၀၀ နီးပါးကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ်များ တပ်ဆင်ရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသို့ စက်သုံးဆီ တင်သွင်းမှုများ လျှော့ချနိုင်ရန်၊ ဆီများကို လိုအပ်သည့်နေရာမှအပ အခြားနေရာများသို့ တင်ပို့ ရောင်းချခြင်းမရှိစေရေး Online Monitoring System တပ်ဆင်ပြီး Real Time စနစ်ဖြင့် စက်သုံးဆီအရောင်းဆိုင်များအားလုံးကို စောင့်ကြည့်ရန် ပြင်ဆင်နေကြောင်း၊ လက်ရှိ နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင်ပေါင်း ၉၁၆ ဆိုင်ရှိပြီး ဆိုင်များအားလုံး Real Time စနစ် တပ်ဆင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ စနစ် မတပ်ဆင်ထားလျှင် ဆီလိုင်စင်ပိတ်ပင်ပြီး ဆီရောင်းချခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ Real Time စနစ်တပ်ဆင်ရန် အနည်းဆုံးငွေကျပ် သိန်း ၅၀၀ မှ ၇၀၀ နီးပါး ကုန်ကျမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်ဆီဆိုင်များ မတပ်ဆင်နိုင်သဖြင့် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။
“ဆီတစ်ဆိုင်ကို Real Time Software စနစ်တပ်ဆင်မယ်ဆိုရင် ငွေကျပ် သိန်း ၃၀၀ ကနေ သိန်း ၅၀၀ အထိကုန်မယ်။ ဆီကန်မှာ ဆင်ဆာ တပ်ရမယ်ဆို ဆီတစ်ဆိုင်ကို သိန်း ၆၀၀ ကနေ သိန်း ၇၀၀ ကုန်မယ်။ဆီဆိုင်က ဆီပန့် က ဟောင်းနေရင်၊ Model နိမ့်နေရင် Software နဲ့ချိတ်လို့မရဘူး။ အဲဒါဆိုရင် ဆိုင်ပိုင်ရှင်က ဆီပန့်တိုင်အသစ်လဲပေးရမယ်။ အဲဒီလို ဆီပန့်တစ်တိုင်ကို အသစ်လဲရင် သိန်း ၅၀၀ အကြမ်းဖျဉ်းရှိတယ်။ အခုက Real Time Software မတပ်ရသေးတဲ့ဆိုင်၊ ငွေမတတ်နိုင်သေးလို့ မတပ်ရသေးတဲ့ဆီဆိုင်တွေကို ဆီခွဲတမ်း ပိတ်တာ လုပ်နေတယ်။ဆီဆိုင်တွေ ဒုက္ခရောက်နေတာ။ အမှန်က ဆီမပေးချင်တော့လို့လုပ်တာပါ” ဟု ဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆီဆိုင်များအားလုံးတွင် Smart Card ဖြင့် ဆီများရောင်းချမည်ဖြစ်ပြီး ယင်းသို့ ရောင်းချရန်အတွက် ဆီဆိုင်များအားလုံးတွင် Smart Card စနစ်များ တပ်ဆင်ခိုင်းနေကြောင်း၊ ယင်းစနစ်တပ်ဆင်ရန်လည်း ငွေကျပ် သိန်းရာချီ ထပ်မံကုန်ကျမည်ဖြစ်ကြောင်း၊ စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် ဒေါ်လာမရှိတော့ဘဲ နည်းပါးနေခြင်းကို ဖြေရှင်းရန်အတွက် ပုံစံအမျိုးမျိုးဖြင့် ဆီတင်သွင်းရောင်းချမှုစနစ် ခက်ခဲစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်က ဆီဝယ်ဖို့ ဒေါ်လာ မရှိတာ မဖြေရှင်းနိုင်လို့ တခြားနည်းလမ်းတွေနဲ့ ဆီဆိုင်တွေဘက်ကို ဖိနေတာတွေပါ။ အနိုင်ကျင့်နေတာ။ အခုက ဉပဒေမရှိတော့ဘူး။ ဆီဆိုင်ငယ်လေးတွေကို ညှင်း ပန်းပြီး ခရိုနီဆိုင်ကြီးတွေကို မျက်နှာသာပေးပြီးတော့ တရားမဲ့လုပ်နေတာ။ ဆီခွဲတမ်းမပေးနိုင်တော့ တမင်ငွေ ကုန်များမယ့်စနစ်တွေတပ်ခိုင်းပြီး မလုပ်ရင် ဆီခွဲတမ်းမပေးတာ၊ လိုင်စင်သက် တမ်းတိုးမပေးတော့ဘူး။ အဲဒီလို လုပ်တဲ့ နည်းကို စစ်ကောင်စီက လုပ်နေတာပါ” ဟု ဆီလောက သားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ဆီဆိုင်များတွင် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ်များ တပ်ဆင်ရန် အတွက် စစ်တပ်နှင့်နီးစပ်သော နည်းပညာကုမ္ပဏီ ၇ ခုကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အဆိုပါ စနစ်များအားလုံး တပ်ဆင်ပြီးပါက စက်သုံးဆီများကို လိုအပ်သည့် အနည်းဆုံးပမာဏကိုသာ စစ်ကောင်စီက တင်သွင်းမည်ဖြစ်ပြီး ဆီတင်သွင်းမှုကို အကြီးအကျယ် လျှော့ချမည်ဖြစ်ကြောင်း သိရှိရသည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်းသို့ စက်သုံးဆီပမာဏ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲနှင့် ၃ ဘီလီယံအကြား တင်သွင်းရသော် လည်း အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းမှုပမာဏကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်သာ (သို့မဟုတ်) ဖြစ်နိုင်လျှင် အနည်းဆုံးပမာဏသာ တင်သွင်းရန် စီစဉ်နေကြောင်း၊ များမကြာမီ အနာဂတ်တွင် ပို့ကုန်ရငွေရှိမှသာ စက်သုံးဆီတင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း ဒုတိုင်းမှူးနှင့် ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီတွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်။