AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို စစ်ကောင်စီ လက်လွှတ်လိုက်ရ

by

in

AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို စစ်ကောင်စီ လက်လွှတ်လိုက်ရ
အောက်တိုဘာ ၂၃၊ ၂၀၂၄

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို လက်လွှတ်လိုက်ရပြီလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
စစ်ကောင်စီတပ်ရဲ့အမှတ် ၁၀ တပ်ထိန်းတပ်ခွဲအနီးမှာတည်ရှိတဲ့ အမ်းလေဆိပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံတို့ကို AA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီက လက်လွှတ်လိုက်ရခြင်းလည်း ဖြစ်ပါတယ်။
အထူးသဖြင့် AA က အမှတ် ၃၇၃ ခြေမြန် တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစွည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(နပခ)၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အဓိက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အမ်းမှာ စစ်ဌာနချုပ် အပါအဝင် တိုက်ခိုက်ရေးတပ် ၅ ရင်းသာရှိပြီး ရခိုင်ပြည်နယ်မှာ အမ်းမြို့ဟာ စစ်ကောင်စီရဲ့ စစ်ဌာနချုပ်တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် စစ်လက်နက်ရိက္ခာတွေ ဖြည့်တင်းဖို့ အဓိကအသုံးပြုနေတဲ့ အမ်းလေဆိပ်ကို လက်လွှတ်ဆုံးရှူံးလိုက်ရတာကြောင့် စစ်ကောင်စီအတွက် ပိုမိုအခက်အခဲတွေ့သွားတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
အမ်းလေဆိပ်ကို စစ်ကောင်စီက ဆုတ်ခွာလိုက်ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူတွေရှိနေသေးလို့ အာရက္ခတပ်တော် AA က အပြီးတိုင် မထိန်းချုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
အမ်းလေဆိပ်ကို AA အနေနဲ့ ထိန်းချုပ်ရရှိနိုင်ရင် သံတွဲလေဆိပ်အပြီး ဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့ လေဆိပ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေဟာ ရက်ပိုင်းအတွင်း အမ်းမြို့တစ်ခုလုံးကို ပျံ့နှံ့လာနိုင်တာကြောင့် ဒေသခံအများစုဟာ ကြိုတင်ပြီး စစ်ဘေးရှောင်မှုတွေလည်း ပြုလုပ်နေပြီလို့ သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ အမ်းဒေသကို ထိုးစစ်ဆင်နေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့ကိုလည်း ထိုးစစ်ဆင်နေပြီး မြို့ကို အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ အလားလာကောင်းတွေရှိနေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။