မန္တလေးတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဟုဆိုကာ စည်ပင်၊ စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့ပေါင်းစုံက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်၊ တရားဝင် တင်သွင်းထားသော ကုန် ပစ္စည်းများကိုပါ ဖမ်းဆီးပြီး မဖမ်းစေလိုပါက ဆက်ကြေးပေးရမည်ဟု ခြိမ်းခြောက်တောင်း

by

in

မန္တလေးတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဟုဆိုကာ စည်ပင်၊ စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့ပေါင်းစုံက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်၊ တရားဝင် တင်သွင်းထားသော ကုန် ပစ္စည်းများကိုပါ ဖမ်းဆီးပြီး မဖမ်းစေလိုပါက ဆက်ကြေးပေးရမည်ဟု ခြိမ်းခြောက်တောင်း

ရန်ကုန်၊ အောက်တိုဘာ ၂၄

မန္တလေးတွင် စျေးချို အပါအဝင် ကုန်တိုက်များ၊ စတိုးဆိုင်များ၊ အရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်တိုက်ဖျက်ရေးဟုဆိုကာ စည်ပင်၊ စစ်တပ်နှင့်ရဲ အပါအဝင် အဖွဲ့ပေါင်းစုံက ကုန်သိုလှောင်ရုံနှင့်ဂိုဒေါင်များ ဝင်ဖောက်စစ်ဆေးပြီး တရားဝင် တင်သွင်းထားသော ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးသိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း မန္တလေးမှ ကုန်စုံဆိုင်များနှင့် ကုန်စည်ဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မန္တလေးမြို့စျေးချိုတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဟုဆိုကာ စစ်တပ်၊ စည်ပင်နှင့်ရဲ များ အပါအဝင် အဖွဲ့ပေါင်းစုံ ပါဝင်သော စစ်ဆေးရေးအဖွဲ့က ယိုးဒယားပစ္စည်း၊ တရုတ်ပစ္စည်းများကို ဝင်ရောက် ဖမ်းဆီးစစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် တရားဝင်ကုမ္ပဏီများထံမှ အခွန်ဆောင် တင်သွင်းထားသော သွင်းကုန်များကိုပါ ဝင်ရောက် ဖမ်းဆီးသိမ်းဆည်းကြောင်း၊ အကယ်၍ မဖမ်းဆီးစေချင်ပါက လစဉ် ဆက်ကြေးပေးရမည်ဟု ပေါ်ပေါ်တင်တင်ပင် တောင်းခံလာကြောင်း သိရှိရသည်။

“မန္တလေးမြို့ဈေးချိုမှာ စိုးဝင်းအမိန့်နဲ့ တရားမဝင်ကုန်စည်ဆိုက်ဖျက်ရေးဆိုပြီး တရုတ်ကုန်ပစ္စည်းနဲ့ ယိုးဒယားပစ္စည်းတွေကို ဖမ်းတယ်။ တရားဝင်ကုမ္ပဏီက ဝယ်ထားတာတွေကိုလည်း ဖမ်းတာပဲ။ ဂိုဒေါင်တွေနဲ့ ကုန်စည်သိုလှောင်ရုံတွေကို ဖောက်စစ်တယ်။ အခုတော့ စရဖ တွေကော ရဲတွေကော စည်ပင်တွေရော က ဆက်ကြေး သဘောမျိုးတောင်းနေကြတာ။ မသိရင် တရားမဝင် လုပ်စားနေရတဲ့အတိုင်းပဲ။ လစဉ် ကြေး လို ဆက်ကြေးပေးနေရတာ။ အခုက အဖွဲ့ပေါင်းစုံက ခဏခဏလာတောင်းတယ်။ တရားမဝင်တဲ့ နှစ်လုံး၊ သုံးလုံး ဒိုင်တွေ မူးယစ်‌ ဆေးဝါးတွေကြ ဖမ်းမယ်သူမရှိကြဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့သူတွေကို ဖမ်းပြီး ငွေခြိမ်းခြောက်တောင်းနေတယ်” ဟု မန္တလေးဈေးချိုမှ ကုန်စည်ဒိုင်က ပြောဆိုသည်။

ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန ပေါင်းစုံ ပါဝင်သော အဖွဲ့များ သာမက ပြည်သူ့စစ်နှင့် ပျူစောထီးများကပါ ကုန်စည်ဒိုင်များကို ဂိုဒေါင် စာရင်း လိုက်လံတောင်းခံခြင်းနှင့် စတိုးဆိုင်များအထိပါ ဝင်ရောက်စစ်ဆေးမည်ဟု ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

” အခု ဈေးချိုဘက်က ဂိုဒေါင်တွေကနေ ကုန်တွေကို နေရာရွှေ့ကြရတယ်။ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေကပါ စတိုးဆိုင်တွေအထိစစ်မယ်ဆိုပြီး ငွေခြိမ်းခြောက်တောင်းတယ်။ လက်နက်ကိုင် ဓားပြတွေ ဖြစ်ကုန်ကြပြီ” ဟု မန္တလေးမှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

အလားတူ မန္တလေးရှိ မိုဘိုင်းလ်ဖုန်း Handset အရောင်းဆိုင်များမှာလည်း စစ်ဆေး သိမ်းဆည်းခံရမည့် အရေး စိုးရိမ်နေကြရပြီး သက်ဆိုင်ရာ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့များကို ဆက်သွယ်၍ လိုင်းကြေးပေးနေရသည်ဟု သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ၄/ ၂၀၂၄ တွင် အကြမ်းဖက်ဒု စစ်ခေါင်းဆောင် စိုးဝင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသော တရားမဝင် ကုန်သွယ်မှု ကြီးထွားလာနေခြင်းကို တိုက်ဖျက်တားဆီးရန်၊ လမ်းကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရန်၊ စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရန် ညွှန်ကြားပြီးနောက် ထိုသို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများ၏ ဆိုင်ကယ်များကို လုယက် ဖမ်းဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)