ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ

by

in

ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ် အနိုင်ကျင့်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အဲရုံးတွေမှာ ပြည်သူတွေကို ဖိနှိပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေစဉ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ထိထိရောက်ရောက် ပစ်သွင်း တိုက်ခိုက်နိုင်ခဲ့တယ်။ အုပ်ကြီးနဲ့ နောက်လိုက် နောက်ပါတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပါတယ်။ ပြည်သူတွေကို မျိုးစုံ ဖိနှိပ်အနိုင်ကျင့်နေတဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တွေကို ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမယ်” ဟု Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရပ်ကွက် ၂ခုက စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ဗုံးပစ်တိုက်ခိုက်ခံရ
အောက်တိုဘာ ၂၄ ၊ ၂၀၂၄
ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေရှိနေတဲ့ ရပ်ကွက်ရုံး၂ခု တစ်နေ့တည်းဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အောက်တိုဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ရွှေပြည်သာမြို့နယ်ထဲက (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်ရုံးတွေကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပြင်းအားမြင့် လက်ပစ်ဗုံး ၃လုံးပစ်ခဲ့တာ။ ရုံးပိတ်ခါနီးအချိန်ဆိုတော့ အထဲမှာ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေရှိနေတယ်။ ထိဖို့ ၈၀ရာခိုင်နှုန်းသေချာပါတယ်။ ” လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဗုံးပစ်တိုက်ခိုက်မှုကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ၂ရပ်ကွက်ရုံးကို Black Tiger UG Team တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ပါသေးတယ်။
“၉လပိုင်း ၊ ၈ရက်နေ့က တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူး မထိသွားပါဘူး။ အခုထိ ဆက်ပြီးမိုက်နေဆဲမို့လို့ အခုလိုတိုက်ခိုက်ခဲ့တာပါ။ နောက်လည်း ပြည်သူတွေကို စစ်တပ်အားကိုးနဲ့ ​နှိပ်စက်တဲ့ ဘယ်အုပ်ချူပ်ရေးမှူးမဆို၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးမဆို သူတို့ဆီတနေ့မဟုတ်တနေ့ ကျနော်တို့အရောက်လာခဲ့ပါမယ်” လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲအကြို ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွေကောက်ခံနေကြတာ ဖြစ်ပါတယ်။
ဒီအတွက် တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေကလည်း စစ်အုပ်စုရဲ့သန်းခေါင်စာရင်းကောက်ယူရေးအတွက် အားပေးကူညီနေသူတွေကို အခုလို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပုံစာ – ရွှေပြည်သာမြို့နယ် ရပ်ကွက်ရုံးတစ်ခု (ပုံဟောင်း)