စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ၊အထက် အမိန့် တင်ပြ စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေ

by

in

စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ၊အထက် အမိန့် တင်ပြ စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေ

ရန်ကုန်၊ ဩဂုတ် ၁၂

အကြမ်းဖက်စစ်ကောင်စီအတွင်း တိုက်တိုင်းရှုံး စစ်ရေး မဟာဗျူဟာများကို ပြန်လည်သုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှု လျှော့ ချရန်၊ အထက်အမိန့် စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးအတွက် ဗိုလ်ချုပ်များကို အာဏာအပြည့်ပေးရန် ရှိနေကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက် ပြီးနောက် အကြမ်းဖက်စစ်ကောင်စီအတွင်း အကြီးအကျယ် ရိုက်ခတ်မှုများရှိနေကြောင်း၊ယင်းနောက် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းယုံကြည်စိတ်ချရသော ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တချို့နှင့် တိုက်တိုင်းရှုံး မဟာဗျူဟာကို ပြန်လည် သုံးသပ် လျက်ရှိကြောင်း၊ ထို့ပြင် စစ်ရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး စစ်တိုင်းမှူးနှင့် အထူးအာဏာလွှဲအပ်ခြင်းခံရသော စစ်အရာရှိကြီးများကို အထက်အမိန့် စောင့်ဆိုင်းရန်မလိုဘဲ စစ်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့် အာဏာအပြည့်ပေးရန် တို့ကို ဆွေးနွေးမှုများရှိနေကြောင်း သိရှိရသည်။

“စစ်တပ်အတွင်းမှာ စစ်ရေးအတွက် Decentralization လုပ်ဖို့ ၊ စစ်ဆင်ရေးတွေမှာ အထက်အမိန့်အဆင့်ဆင့်ကို ခံယူနေရတာကို လျှော့ချဖို့ ၊ နယ်မြေခံ စစ်တိုင်းမှူးတွေကို အခွင့်အာဏာ အပြည့်ပေးပြီး စစ်ဆင်ရေးမှာ ဦးဆောင်ခိုင်းဖို့ဆိုတာမျိုး ဆွေးနွေးမှုတွေရှိနေတယ်လို့သိရတယ်။ အဓိက လက်လွှတ်လိုက်ရတဲ့ စခန်းတွေ တိုင်းစစ်ဌာနချုပ်အထိပါ ဆုံးရှုံးမှုတွေအတွက် ပြန်လည် သုံး သပ်မှုလုပ်ပြီး ခုခံစစ်နဲ့ ထိုးစစ် တပြိုင်နက်တည်းလုပ်ဆောင်နိုင်ရေးတွေလည်း ဆွေးနွေးမှုရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ရေးအရ ရှုံးနိမ့်မှုသည် ၎င်းတစ်ဦးတည်းကြောင့်မဟုတ်ဘဲ အစုအဖွဲ့အလိုက် ရှုံးနိမ့်မှုပုံစံသဘောမျိုးဖြင့် သုံးသပ်ဆွေးနွေးမှုများ လုပ်ဆောင်လာကြောင်း၊ စစ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ အကြံပြုသင့်သည်များကိုလည်း ထိပ်တန်းစစ်ဗိုလ်ချုပ်များကို တင်ပြရန် ညွှန်ကြားမှုများလည်း ရှိနေကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်အတွင်း ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၁ လအတွင်း ဆုံးရှုံးရမှုကြောင့် မင်းအောင်လှိုင် အပါ အဝင် စစ်ဗိုလ်ချုပ်များအကြား ဖိအားများစွာ ရင်ဆိုင်နေရကြောင်း၊ တပ်တွင်း အောက်ခြေတပ်များအကြား စိတ်ဓာတ်ပြိုလဲနေမှုများကို အားတက်စေရေး နည်းလမ်းရှာနေရသည့်အပြင် တပ်တွင်း ပုန်ကန်မှုများရှိလာမည့်အပေါ်လည်း စိုးရိမ်မှုများရှိ နေကြောင်း သိရှိရသည်။

“ရမခ ကျသွားတာက တပ်ထဲမှာ အရမ်းကို ဂယက်ရိုက်ခတ်မှုကြီးပါတယ်။ ရမခကျတဲ့အပြင် တိုင်းမှူးတွေပါ အဖမ်းခံလိုက်ရတော့ စိတ်ဓာတ်ပိုင်းအရ အတော်ကြီး ကျဆင်းမှုတွေလည်းဖြစ်ပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ဆယ်တင်ဖို့ တပ်မတော်ထိပ်ပိုင်းကို ဖိအားတွေ များနေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်နေရသည့်အပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာရီတိုင်းနှင့် ကရင်နီပြည်နယ်၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင်လည်း စစ်ကောင်စီက စစ်ရေးအရ ဆုံးရှုံးများစွာ ကြုံတွေ့နေရကာ နယ်မြေများကို လက်လွှတ်နေရကြောင်း သိရှိရသည်။