အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ် တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက် ညှဉ်းပန်း

by

in

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ် တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက် ညှဉ်းပန်း
ရန်ကုန်၊ ဩဂုတ် ၁၂
ရန်ကုန်၊ အင်းစိန်ထောင်မှ ပဲခူး သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက်ညှဉ်းပန်းနေကြောင်း အကျဉ်းသားများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ အင်းစိန် အကျဥ်း‌ထောင်မှ သံ‌ချေးတက်နေ‌သော ခြေချင်းများဖြင့် အကျဉ်းသားများကို နှစ်‌ယောက်တွဲ ခြေကျင်းခတ်ကာ သာယာဝတီ အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ခဲ့ကြောင်း၊ အကျဉ်းထောင်ရောက်ရှိချိန် အကျဥ်းသားများ အားလုံးကို ကားပေါ် မှ ဆင်းဆင်းချင်း ထောင်အာဏာပိုင်များက ဝါးလုံးများဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ထောင်ပြောင်းလာသော အကျဉ်းသားများကို ဘူးဝ ထောင်တံခါး ၂ ချက် အကြားရှိ နေရာတွင် ခေါင်းတွေငုံ့ထားဟု ထောင်ဝန်ထမ်းများက အော်ဟစ် ဆဲဆိုကာနံပါတ် တုတ်များဖြင်းဝိုင်းရိုက်ကြောင်း၊ ခြေထောက်များဖြင့် ကန်ပြီး အကျဉ်းထောင်ထဲအတွင်းသို့ ရောက်ရှိချိန်တွင်လည်း အကျဉ်းသားများကို ပြေးခိုင်းကာ နောက်မှတုတ်ဖြင့် လိုက်ရိုက်ခြင်း ၊ ခြေထောက်ဖြင့်ကန်ခြင်းများ ကို ထောင်ဝန်ထမ်းများက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေး အကျဥ်းသားများကို ဘာအမှုလဲဟုမေးကာ ထောင်ဝန်ထမ်း တပ်ကြပ်စိုးမင်းက မော်တာပူလီကြိုးဖြင့် ရိုက်နှက်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် အချက် ၃၀ မက ရိုက်နှက် နှိပ်စက်ခံရကြောင်း၊ မျက်မှန်တပ်ထားသော နိုင်ငံရေးအကျဉ်း သားများကိုလည်း “စာအရမ်းဖတ်တဲ့ကောင်တွေ မင်းတို့ဆို ပိုပြီးရိုက်မယ်” ဟု ပြောဆိုကာ အချက်ပေါင်းမရေတွက်နိုင် နှိပ်စက်ညှင်းပန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။
နောက်ရက်များတွင်လည်း ထောင်ဝန်ထမ်းများက သာယာဝတီထောင်သည် ထောင်သချိုင်း ဟုပြောဆို၍ အကျဥ်းသားများကို နေပူပူ တွင် ခြေချင်းများဖြင့် ရက်ပေါင်း ၃၀ ခန့် ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား ရဲရဲ ဆိုသူကို ထောင်ဝန် ထမ်း များက အမျိုးသားချင်း လိင်အကြမ်း ဖက်ရန် ကြိုးစားခဲ့ကြောင်း၊ အကျဉ်းသားရဲရဲက မလိုက်လျော၍ ထောင်ဝန်ထမ်းများက ကျောက်ခဲများကို ပုဆိုးထဲထည့်ကာအကျဉ်းသားကို ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
သာယာဝတီ အကျဥ်းထောင်မှ ထောင်ပိုင်နှင့် ထောင်ဝန်ထမ်းများသည် အကျဥ်းသားများကို အကြမ်းဖက် ဖိနှိပ် ရိုက်နှက်ခြင်း၊ အလုပ်ကြမ်းများ ခိုင်းစေခြင်း နေ့စဥ် ဆဲဆိုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကျဉ်းထောင်အတွင်း ထောင်ဆူမှုများကို နှိမ်နင်းရေး သရုပ်ပြ လေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)