တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်၊ ‌တနေကုန် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ ခုခံ၊

by

in

တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်၊
‌တနေကုန် တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ ခုခံ၊
အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိ၊

ထင်လင်း/MFP ၊ ဩဂုတ် – ၁၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့မှာ ဒီကနေ့ မနက်ပိုင်းကစလို့ တနေကုန် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ ခုခံနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဩဂုတ်(၁၁)ရက် ဒီမနက် (၆)နာရီလောက်က စလို့ တကောင်းမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။
တကောင်းမြို့ထဲက စစ်အုပ်စု အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာ ဖြစ်ပြီး တကောင်းမြို့ပေါ်ရှိ စစ်အုပ်စု အထိုင်စခန်းတွေအနက် ‌တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းရှိ စစ်အုပ်စုတွေ လက်နက်ချပေမယ့် လေးမျက်နှာ ဘုရားဝင်းအတွင်းရှိ စစ်အုပ်စုက လက်နက် မချတာကြောင့် တနေကုန် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဆေးရုံနဲ့ စခန်းက လက်နက်ချတယ်တဲ့။ လေးမျက်နှာက လက်နက်မချလို့ တိုက်ရတာတဲ့။ လေးမျက်နှာက ဗိုလ်က မလျှော့ဘူးတဲ့”လို့ တကောင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
တကောင်းမြို့ပေါ် တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုကလည်း မြို့ကို လေကြောင်းဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
တကောင်းမြို့ခံ အများစုကတော့ စစ်ရေးအခြေအနေ တင်းမာနေလို့ ပြီးခဲ့တဲ့ တစ်ပတ်ခန့် ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီမနက်ပိုင်း တကောင်းမြို့ပေါ် တိုက်ပွဲ စတင် ဖြစ်ပွားချိန် ဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုက တကောင်းမြို့ အနောက်ဘက်၊ ဧရာဝတီမြစ် တဖက်ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ စစ်ဘေးတိမ်ရှောင်နေတဲ့ ဒေသခံပြည်သူ အမျိုးသမီးကြီး တစ်ဦး သေဆုံးပြီး အမျိုးသမီးငယ် တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီညနေပိုင်းမှာတော့ စစ်အုပ်စုက တကောင်းမြို့တွင်းကို လေကြောင်းကနေ ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရကာ ဖုန်းဆက်သွယ်လို့ ရတဲ့နေရာ အနည်းငယ်သာ ရှိပြီး အထွက်ခေါ်ဆိုမှုသာ ရတာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို MFP အနေနဲ့ မသိရသေးပါဘူး။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲ ပါဝင်တဲ့ တကောင်းမြို့ဟာ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိပြီး စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ ထိစပ်နေပါတယ်။
တကောင်းမြို့အနီးက အင်းနက်ရွာ၊ ကြာညှပ်ရွာနဲ့ ထီးချိုင့်နယ်က တရုတ်ပိုင် နီကယ်စက်ရုံနဲ့ မောင်းကုန်းရွာတွေကို တော်လှန်ရေး တပ်တွေက ပြီးခဲ့တဲ့ လအတွင်းက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
တကောင်းမြို့/Photo – ပေးပို့၊
#Mandalay_Free_Press_MFP