မေမြို့က စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေးနေ၊ အများစုက မန္တလေးဘက် ဆင်းပြေးလာပြီး မန္တလေးက ဝန်ထမ်းအိမ်ယာတွေမှာ နေခွင့်ရ၊

by

in

မေမြို့က စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေးနေ၊
အများစုက မန္တလေးဘက် ဆင်းပြေးလာပြီး မန္တလေးက ဝန်ထမ်းအိမ်ယာတွေမှာ နေခွင့်ရ၊
AN/MFP ၊ ဩဂုတ် – ၁၁
မန္တလေးတိုင်း၊ မေမြို့က စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ပြေးနေကြပြီး နယ်ဘက်အထိ ပြန်မရသူတွေက မန္တလေးမြို့က ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်ခွင့်ရကြတယ်လို့ စစ်အုပ်စု ဝန်ထမ်း အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။
မေမြို့က စစ်အုပ်စု ဝန်ထမ်းတွေအနက် လက်နက်မကိုင်ရတဲ့ ထွေအုပ်၊ စည်ပင်၊ ပညာရေး၊ တရားရေး စတဲ့ ဝန်ထမ်းတွေ အားလုံး သြဂုတ်(၇)ရက်နဲ့ (၈)ရက်တွေမှာ ထွက်ပြေးကြတာလို့ ဆိုပါတယ်။
“မန္တလေးမှာ ဝန်ထမ်းအိမ်ယာတွေ စီစဥ်ပေးထားတယ်။ တချို့ ဝန်ထမ်းတွေရဲ့ နယ်တွေက ပြန်မရကြတာ။ ဟိုမှာလည်း မငြိမ်တော့ မန္တလေးမှာပဲ နေနေရတာ”လို့ မေမြို့က ထွက်ပြေးလာသူ ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ ထွေအုပ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
မေမြို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဩဂုတ်(၇)ရက်က စလို့ စစ်အုပ်စု ရာထူးအကြီးပိုင်းတွေရဲ့ မိသားစုဝင်တွေ တိုးတိုးတိတ်တိတ် ပြောင်းရွေ့ရာကနေ သတင်းတွေ ထပ်ပြန့်ပြီး နောက်ရက်တွေမှာ ဝန်ထမ်း မိသားစုတွေနဲ့ စစ်အုပ်စု ဝန်ထမ်းတွေ ကိုယ်တိုင်ပါ ထွက်ပြေး နေကြတာလို့ ဆိုပါတယ်။
စစ်အုပ်စုဘက်ကလည်း ထွက်ပြေးတဲ့ ဝန်ထမ်းတွေကို ဌာနရဲ့ စာရွက်စာတမ်းတွေ မပေါက်ကြားစေဖို့ အဓိက အမိန့်ပေးထားပြီး တချို့ အချက်အလက်တွေကို ဖိုင်ဖွဲ့ကာ ITဌာနကို ပို့ပေးရသလို ပြောင်းရွေ့ပြီးချိန်မှာလည်း မပြီးသေးတဲ့ အချက်အလက်တွေကို ဖိုင်ဖွဲ့ဖို့ လုပ်ဆောင်နေရတယ်လို့ စစ်အုပ်စု ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
စစ်အုပ်စု ဌာနဆိုင်ရာရုံးတွေ ဖွင့်၊ မဖွင့်ကိုတော့ မနက်ဖန် ဩဂုတ်(၁၂)ရက် ရုံးဖွင့်ရက်မှာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မေမြို့က ကိုယ်ပိုင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ စစ်အုပ်စု မိသားစုဝင်တွေ ထွက်ပြေးကြလို့ ကျောင်းတွေကို စက်တင်ဘာလကုန်အထိ ပိတ်ပေးတယ်လို့လည်း စစ်အုပ်စု ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း စစ်အုပ်စုက မေမြို့ကို အဝင်အထွက် ပိတ်ချလိမ့်မယ်ဆိုတဲ့ သတင်းတွေ စစ်အုပ်စု ဝန်ထမ်းတွေကြား ပြန့်နေတာကြောင့် အခုလို အလုအယက် ထွက်ပြေးနေကြတာ ဖြစ်ပြီး ပြေးစရာ၊ နေစရာ အဆင်သင့် မရှိတဲ့ မြို့ခံတွေ ကတော့ ထွက်မပြေးဘဲ မေမြို့မှာပဲ ဆက်လက် နေထိုင်ကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဩဂုတ်(၈)ရက် မနက်ပိုင်းကတော့ မေမြို့ကနေ ထွက်ပြေးလာသူတွေ အလွန်များပြားပြီး စစ်အုပ်စုက ကားတွေကို တားဆီး စစ်ဆေးတာကြောင့် မေမြို့ – မန္တလေးလမ်း၊ (၁၆)မိုင် ဂိတ်မှာ ကားအစီးရေ ထောင်နဲ့ချီ ပိတ်မိခဲ့ပါတယ်။
မနေ့က ဩဂုတ်(၁၀)ရက် မနက်ပိုင်းမှာလည်း မန္တလေးကနေ ရန်ကုန်မြို့ဘက် သွားရောက်သူတွေ အလွန် များပြား တာကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်း၊ မန္တလေးအထွက် တံတားဦး လေယာဉ်ကွင်းမရောက်ခင် တိုးဂိတ်မှာ ကားအစီးရေ ရာနဲ့ချီကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့သေးတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
မေမြို့နဲ့ ထိစပ်နေတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကိုတော့ တအာင်းတပ်မတော် – TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
မေမြို့ မြို့လယ် နာရီစင် (ပုံဟောင်း)/Photo – CJ