မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး

by

in

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်၊ ၁၄ မိနစ်၊ ၄၈ မိနစ်နှင့် ၆ နာရီ ၂၆ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လားသည့် J-fighter ၁ စီး ၊ တံတားဦးမှ တက်လာသည့် J-Fighter ၃ စီး နှင့် Mi-35 ၂ စီး တို့ဖြင့် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီ မြစ်ကမ်းတလျှောက်က ရွာတွေကို ပထမအကြိမ် တံတားဦးတက်လာတဲ့ J-Fighter ၁ စီးဖြင့် ၄ နာရီ ၇ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တံတားဦးက တက်လာတဲ့ Mi-35 ၂ စီးနဲ့ ၄ နာရီ ၁၄ မိနစ်ကနေစပြီး ၄၈ မိနစ်ထိ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။ တတိယအကြိမ် လေကြောင်းကနေ Mi 35 နဲ့ ထပ်ပစ်တဲ့ အချိန်မှာ စက်သေနတ်မှန်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးနဲ့ သားဖြစ်သူ အသက် ၁ နှစ် ခွဲအရွယ် ကလေးငယ် ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်” ဟု Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထို့သို့ လေကြောင်း တိုက်ခိုက်မှု အတွင်း ၆ နာရီ ၂၆ မိနစ်တွင် J-Fighter ၃ စီးဖြင့် မတ္တရာမြို့နယ် အနောက်ခြမ်း တစ်နေရာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စဉ် ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို ဆက်လက် စုံစမ်းနေကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ဆက်လက် ပြောဆိုသည်။
မတ္တရာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်မြေပြင်ထက် ဝေဟင်ကို အဓိက ဦးစားပေး အသုံးပြုနေသောကြောင့် ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့စည်းများ၏ လေကြောင်း လမ်းညွှန်မှုများကို လိုက်နာဆောင်ပေးကြပါရန်နှင့် ပြည်သူများ နေထိုင်ရာ အနီးတဝိုက်တွင် ဗုံးခိုကြွင်းများ အကာကွယ်ရှိသော နေရာများတွင် နေကြပါရန် သတိပေးနှိုးဆော်အပ်ကြောင်း ကိုနဂါးလေးက ပြောဆိုသည်။