မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်း ကျရောက်နိုင်

by

in

မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်း ကျရောက်နိုင်
YT

မဇ္ဈိမ။ ။ထိုင်းပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန် တိုင်းဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် သက်ရောက်မှုရှိ နိုင်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေးထား သည်။
ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက် ၈ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၂ ရက် နေ့ ညနေပိုင်းမှစတင်၍ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိ နေကြောင်း ဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မြိတ်မြို့၏ အနောက် ဘက် ၃၂၆ မိုင်၊ ပုသိမ်မြို့၏ တောင်ဘက် ၂၆၆ မိုင်ခန့်အကွာတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ် နိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသည်။
သို့ဖြစ်၍ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီမှစ၍ အောက်တိုဘာလ ၂၂ ရက် နံနက် ၂ နာရီအထိ ၃၆ နာရီအတွင်း မုန်တိုင်းလမ်းကြောင်းနှင့်နီးသည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့် အထိရှိနိုင်သည်ဟု ဆိုသည်။ ထို့ပြင် မိုးရေချိန် ၇၀ မီလီမီတာအထက် (၂ ဒသမ ၇၅ လက်မနှင့်အထက်) ရွာသွန်းနိုင်ပြီး မိုးများနိုင်ကြောင်းလည်း ဆိုသည်။
ထို့ပြင် အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းနီးပင်လယ် ပြင်တွင် တနာရီ မိုင် ၃၀ အထက် လေတိုက်နိုင်ပြီး လှိုင်းအမြင့်ခုနစ်ပေအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်း ထားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ စတင်၍ဖြစ်ပေါ်မည့် ဆိုင်ကလုန်းမုန်တိုင်းသည် အနောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းလမ်းကြောင်းမှာ မြန်မာ့ကမ်းရိုးတန်းနှင့် နီးကပ်နေ ခြင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနီးမှ ဒေသများသည် မုန်တိုင်းလမ်းကြောင်း၏ ညာဘက်ခြမ်း တွင်ရှိနေခြင်းတို့ကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုများနိုင်ကြောင်း ဦးဝင်းနိုင်ကကြိုတင်သတိပေး ထားသည်။

အထူးမိုးလေဝသသတင်း
————————
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန် ထုတ်ပြန်ချက်
=========================================
၁။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ၂၁-၁၀-၂၀၂၄ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။
၂။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန် ကြောင့် ယနေ့ညမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
========
၄။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။