စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်းရပ်တည်သည့် တရုတ်အစိုးရဆန့်ကျင်ရေး ရန်ကုန်မြို့နေလူငယ်များစတင်ပြုလုပ်

by

in

စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်းရပ်တည်သည့် တရုတ်အစိုးရဆန့်ကျင်ရေး ရန်ကုန်မြို့နေလူငယ်များစတင်ပြုလုပ်
အာရုဏ်ဦး/People’s Spring

အာဏာသိမ်းစစ်အုပ်စုဘက် ပြောင်ပြောင် တင်းတင်းရပ်တည်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်မှုကို ရန်ကုန်မြို့ရှိ လူငယ်အချို့က ယနေ့(အောက်တိုဘာ ၁၉) စတင်ပြုလုပ်ခဲ့ကြသည်။
“ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကြီး၅ချက် ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး မြန်မာပြည်သူလူထုအပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး အကြမ်းဖက်ယုတ်မာနေသည့် အာဏာသိမ်းစစ်အုပ်စုဘက် ရပ်တည်သော တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန်မြို့ထဲပြည်သူများဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်”ဟု တရုတ်အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့် လူငယ်များက ပြောသည်။
တရုတ်နိုင်ငံသည် နွေဦးတော်လှန်ရေးအစပိုင်းတွင် ကြားဝင်ဖျန်ဖြေပေးသလိုလို မြန်မာပြည်တည်ငြိမ်အေးချမ်းရေး လိုလားသလိုလို ဟန်ဆောင်နေခဲ့ရာမှ တကယ်တမ်းတွင်မြန်မာပြည်ကို တည်ငြိမ်အေးချမ်းစေလိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဖိအားပေး၍ စစ်မတိုက်ရန်ပြောရမည်မဟုတ်ကြောင်းလည်း ထောက်ပြသည်။
“အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေခေါင်းတည့်တည့်သေနတ်နဲ့မပစ်အောင်၊ ပေါင်၅၀၀, ၁၀၀၀ ဗုံးတွေနဲ့ စာသင်ကျောင်းတွေ၊ ဘုန်း ကြီးကျောင်းတွေ၊ ပြည်သူ့နေအိမ်တွေအပေါ်ဗုံးမကြဲအောင်၊ မြို့တွေ၊ရွာတွေကိုမီးမရှို့အောင်ပြောရမှာ”ဟု အဆိုပါ လူငယ်များက ဆိုသည်။
ယခုမူ အကြမ်းဖက်နေသည့်စစ်တပ်အား တရုတ်အစိုးရ ၎င်းတို့အကျိုးစီးပွားကိုကြည့်အားပေးနေပြီး လက်နက်နှင့်ဗိုလ်ကျသည့်စစ်တပ်ကို လက်နက်နှင့်ပြန်ခုခံနေရသော ပြည်သူ့တော်လှန်ရေးအင်အားစုအား အဖက်မလုပ်ခြင်း၊ ခြိမ်းခြောက်ဟန်ပြခြင်း၊ ပြည်တွင်းရေးကိုဝင်စွက်နေခြင်းအား လုံးဝမကျေနပ်ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ ၅ ချက်ကို လေးစားသေးသည်ဆိုပါက ကိုယ့်အလုပ် ကိုယ်လုပ်ရန်၊ ကိုယ့်အရေးကိုယ်အာရုံစိုက်ရန်နှင့် သူတပါးပြည် တွင်းအရေးကို ဝင်ရောက်မစွက်ဖက်ရန် တိုက်တွန်းထားသည်။