စစ်ကောင်စီက ကြည်း၊ရေ၊ လေနဲ့ အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားက မောင်တောပေါ်ရှိ အရေးပါအချက်အချာကျတဲ့ နေရာတွေကို AA သိမ်းပိုက်

by

in

စစ်ကောင်စီက ကြည်း၊ရေ၊ လေနဲ့ အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားက မောင်တောပေါ်ရှိ အရေးပါအချက်အချာကျတဲ့ နေရာတွေကို AA သိမ်းပိုက်
နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၁ /၂၀၂၄
စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံ သုံးပြီး မောင်တောမြို့ကို အပြင်းအထန် ခုခံကာကွယ်နေတဲ့ကြားက အာရက္ခတပ်တော် (AA)ဟာ မောင်တောမြို့ပေါ်ရှိ စစ်ရေးအရအရေးပါတဲ့နေရာတွေ အားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတစ်ဦးက ” မနေ့မနက်မှာ မောင်တောမြို့တွင်းနေရာတော်တော်များကို အေအေ ထိန်းချုပ်လိုက်ပါပြီ။ မြို့ကို ထိုးစစ်ဆင်‌နေတဲ့ စစ်မျက်နှာ ၅ ခုကနေ အေအေ တပ်ဖွဲ့တွေ မြို့တွင်းထဲကိုဝင်လာကြပြီး အရေးပါတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်လိုက်ကြတာပါ။ မြို့တွင်းက အလယ်ရွာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ကြတယ်။ စစ်တပ်ကတော့ ဂျက်တိုက်လေယာဉ်တွေ၊ Y-12 နဲ့ ဗုံးလာချ နေတာတွေတော့ ရှိနေသေးတယ်” လို့ နိရဉ္စရာကို ပြောပါတယ်။
တိုက်ရည်ခိုက်ရည် နိမ့်ကျနေပြီး စိတ်ဓာတ်ပျက်ပြားနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်တပ်သားတွေဟာ တိုက်ပွဲအတွင်း အကျအဆုံးများ‌စွာနဲ့ မောင်တော ဘုတ်ဆိပ် POE ဝင်/ထွက် စခန်းဘက်ကို နောက်ဆုတ်နေကြတယ်လို့ ဆိုပါတယ်။
AA အရေးပါတဲ့ နေရာတွေကို ဩဂုတ် ၁၀ ရက်နေ့ နံနက်မှာ သိမ်းပိုက်ထားပြီး ဖေဇီ၊ အောက်ရွာ၊ ရပ်ကွက်(၂)စတဲ့ ကျေးရွာတွေကနေ ခုခံနေကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့တွေကို AA က လိုက်လံတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေက အဲဒီဘက်တွေမှာ ဆက်လက် ပြင်းထန်‌စွာ ဖြစ်နေကြတယ်လို့ ပြောပါတယ်။