မောင်တောခရိုင်ရဲမှူးကြီး၊ မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲအရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် လက်နက်များဖြင့် AA ထံခိုလှုံ

by

in

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၁၀ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောခရိုင်ရဲမှူးကြီး၊ မြို့နယ်မှူးအပါအဝင် ရဲအရာရှိအချို့၊ ရဲတပ်ဖွဲ့ဝင်အချို့ စုစုပေါင်း အင်အား ၂၀ ကျော်သည် လက်နက်များနှင့်အတူ အာရက္ခတပ်တော်(AA)ထံ ခိုလှုံခဲ့ကြပြီဖြစ်ကြောင်း သိရသည်။

ခရိုင်ရဲမှူးကြီးနှင့် မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်အချို့မှာ လက်နက်များနှင့်အတူ ဩဂုတ်လ ၆ ရက်၌ AA တပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ AA ထိန်းချုပ်ရာ လွတ်မြောက်နယ်‌မြေများသို့ ခိုလှုံသွားကြခြင်းဖြစ်သည်။

ကျန်ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်များမှာ ဩဂုတ်လ ၉ ရက်နေ့၌ ပိတ်မိနေကြသည့် မောင်တောမြို့သူမြို့သားများနှင့်အတူ ထိန်းချုပ်ရာနယ်မြေများသို့ လက်နက်မဲ့ AA ထွက်ခွာ လာခဲ့ကြကြောင်း ရဲမိသားစုဝင်များက‌ ပြောဆိုသည်။

ရဲမိသားစုဝင်တစ်ဦးက “ခရိုင်ရဲမှူးကြီးနဲ့ မြို့နယ်မှူး၊စခန်းမှူး၊ ရဲအရာရှိအချို့ပါဝင်တဲ့အဖွဲ့က AA ဖက်ကိုခိုလှုံသွားခဲ့ကြတယ်။ ကျန်ရဲတပ်ဖွဲ့ဝင်အချို့နဲ့မိသားစုဝင်တွေကတော့ AA ထိန်းချုပ်ရာ နယ်မြေများကိုသွားခဲ့ကြတယ်။ စခန်းထဲမှာကျန်နေတဲ့သေးတဲ့ ရဲအရာရှိတွေလည်း ကျန်ရှိ‌နေသေးတယ်”ဟု ပြောသည်။

AA ဘက်သို့ချိတ်ဆက်ခိုလှုံလာကြသည့်ရဲတပ်ဖွဲ့များမှာ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ SP(သတင်းရဲတပ်ဖွဲ့)ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့ နှင့် လူကုန်ကူးတားဆီးရေး ရဲတပ်ဖွဲ့များမှ ရဲမှူးများ၊ ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များဖြစ်ကြပြီး အင်အား ၂၀ ကျော် ခိုလှုံ​သွားကြကြောင်း ရဲမိသားစုများထံမှ သိရသည်။

ရဲမိသားစုဝင်တစ်ဦးက “ရဲအရာရှိပိုင်း‌တွေက လက်နက်‌တွေနဲ့ AA ဘက်ကိုချိတ်ဆက် ခိုလှုံသွားခဲ့ကြတယ်။ ရဲတပ်ဖွဲဝင်အချို့ကတော့ လက်နက်တွေမပါဘဲ မိသားစု‌တွေနဲ့ မြို့ကပိတ်မိ‌နေသူတွေနဲ့အတူထွက်ခွင့်ရခဲ့ကြတယ်”ဟု ပြောဆိုသည်။

မောင်တောမြို့သို့ စစ်ကောင်စီက RSO၊ ARSA၊ ARA တပ်ဖွဲ့များနှင့် မွတ်ဆလင် လက်နက်ကိုင်များ အားခေါ်ယူပြီး လုပ်ပိုင်ခွင့်များပေးကာ ဒုစရိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြုလုပ်လာခြင်းကြောင့် ရဲတပ်ဖွဲ့များနှင့် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။