မန္တလေးမှာ စစ်အုပ်စု စခန်းနဲ့ ရုံးတွေအနီး နေထိုင်သူတွေ စတင် ပြောင်းရွှေ့၊ စစ်အုပ်စုကလည်း နန်းမြို့ရိုးပေါ် သံအိတ်ကာတဲ့အပြင် မြို့တွင်း ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်၊

by

in

မန္တလေးမှာ စစ်အုပ်စု စခန်းနဲ့ ရုံးတွေအနီး နေထိုင်သူတွေ စတင် ပြောင်းရွှေ့၊
စစ်အုပ်စုကလည်း နန်းမြို့ရိုးပေါ် သံအိတ်ကာတဲ့အပြင် မြို့တွင်း ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်၊

AN/MFP၊ ဩဂုတ် – ၁၁

မန္တလေးမြို့က စစ်အုပ်စု စခန်းနဲ့ စစ်အုပ်စု ရုံးအနီးမှာ နေထိုင်ကြတဲ့ မြို့ခံပြည်သူတွေနဲ့ စျေးဆိုင်တချို့ ယခုရက်ပိုင်း စတင်ပြောင်းရွေ့တာ၊ ပိတ်သိမ်းတာတွေ လုပ်နေကြတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းမြောက်မှာ ဖြစ်ပေါ်နေတဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စု တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အနီးမှာရှိတဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုများတာ၊ စစ်အုပ်စုကလည်း သူတို့နဲ့ အနီးဆုံးမှာ ရှိသူကို ရန်ပြုတာ၊ ဖောက်ထွင်းလုယက်တာ စတဲ့ အခြေအနေတွေကြောင့် ယခုရက်ပိုင်း မန္တလေးမြို့က စစ်အုပ်စု စခန်းနဲ့ရုံးတွေ အနီး နေထိုင်သူတချို့ စတင် ပြောင်းရွေ့နေကြတာလို့ ဆိုပါတယ်။

မန္တလေးမြို့လယ်၊ (၈၁)လမ်းနဲ့ လမ်း(၃၀)အနီးက ချမ်းအေးသာစံမြို့မ ရဲစခန်းဖြစ်တဲ့ အမှတ်(၈)ရဲစခန်းအနီးက စျေးဆိုင်နဲ့ နေအိမ်တချို့ စတင် ပြောင်းရွှေ့နေကြသလို မြို့ပေါ်က ရဲစခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်အုပ်စု အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်သူတချို့ ရွေ့ပြောင်းနေကြတာလို့ ဆိုပါတယ်။

“အမှတ်(၈)စခန်းဘေးက တချို့ဆိုင်ခန်းတွေ ရွေ့တယ်။ အငှားပြည့်တာလိုလိုနဲ့ ကြောက်ပြီး မသိမသာ ပြောင်းကြတာ။ မန္တလေးလည်း (တိုက်ပွဲဖြစ်ဖို့) ဟိုနေ့လိုလို၊ ဒီနေ့လိုလို အသံတွေ ကြားနေတာလေ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေးက ပရဟိတ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကလည်း နယ်ဝေး ကျောင်းသားတွေကို ပြန်လွှတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ရေပြတ်လို့ ပြန်လွှတ်တာလိုလို၊ နိုင်ငံရေးကြောင့်လိုလိုနဲ့ အဝေးက ကျောင်းသားတွေကို မနေ့က စပြီး ပြန်လွှတ်နေတာ။ အခြေအနေက စောင့်ကြည့်နေရတော့ တာဝန် မယူနိုင်ကြဘူး “လို့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း မန္တလေးမြို့ နန်းမြို့ရိုးထိပ်မှာ သဲအိတ်တွေကာပြီး ဘန်ကာတွေ ဆောက်ထားသလို မြို့တွင်းမှာလည်း ဘန်ကာတွေ ထပ်တိုးဆောက်ပြီး ခံစစ်ပြင်နေတယ်လို့ ဆိုပါတယ်။

“(ပုသိမ်ကြီးမြို့နယ်) ရေတံခွန်တောင်ခြေ သစ္စာဝေဒဂူ‌ ကျောင်းမှ ကျောင်းသားကျောင်းသူများ အကုန် ဒီမနက် နေရပ်ပြန်လွှတ်ကာ တောင်ပေါ်တွင် (စစ်အုပ်စု) တပ်တွေ စွဲထားကြောင်း သိရ။ မန္တလေးတောင်ခြေ (ခြေလျင်တပ်ရင်း) – ၉၅ တပ်ရှေ့ ကတုတ်ကျင်းများ တူးကာ ဘန်ကာများ ဆောက်နေကြောင်းသိရ။ အိုးဘိုထောင် မြောက်ဘက်ကပ်လျက် သံလမ်းတွင် (စခ) စစ်စခန်း အထိုင်ဆွဲထားကြောင်းသိရ။ နန်းတွင်းထဲမှ စခ၊ရခ မိသားစုများ နန်းရှေ့ အရင် ကားလိုင်းဂိတ်နေရာက ဝန်ထမ်းအိမ်ယာမှာ အကုန် ရောက်ကုန်ပြီဟု သိရ” လို့ မန္တလေး မြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။

ဒါ့အပြင် မန္တလေးမြိုပေါ်က ရဲစခန်းတွေ၊ ရပ်ကွက်ရုံးတွေမှာ စစ်အုပ်စုက သဲအိတ်ဘန်ကာတွေ၊ Slow Downတွေ၊ ပေပါခွံတွေ ထပ်တိုး တည်ဆောက်ပြီး ခံစစ်ပြင်နေသလို စစ်အုပ်စု မိသားစုနဲ့ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်း မိသားစုတွေလည်း စစ်စခန်းတွေနဲ့ ဝေးရာနေရာကို ပြောင်းရွှေ့နေထိုင်တာ၊ နေရပ်ပြန်တာ၊ ရွှေ့ပြောင်းတာတွေ လုပ်နေတယ်လို့ Mdy Revolution က ဆိုပါတယ်။

လက်ရှိမှာ မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးနယ်ထဲက စစ်အုပ်စု စခန်းတွေကို တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ကာ အောင်ပွဲတွေ ရနေပြီး စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ ခုခံနေပါတယ်။

#Mandalay_Free_Press_MFP