မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

by

in

မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၁၉
ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအကြား အချင်းချင်း စကားများ ရန်ဖြစ်ကြကြောင်း၊ မြ၀တီမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများအဖြစ် သတ်မှတ်ပြီး လက်နက်တပ်ဆင်ထားရာ လက်နက်များဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး မြင့်စိုး(ခ) စိုးငယ် ပွဲချင်းပြီး သေဆုံးပြီး ရာအိမ်မှူး ဝင်းကိုမှာမူ အပြင်းအထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။
“ဖြစ်တာက အချင်းချင်းဖြစ်ကြတာ။ ရာအိမ်မှူးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပျူစောထီးတွေဆိုတော့ လက်နက်တွေလည်း တပ်ဆင်ထားတယ်။ အဲဒီမှာ အချင်းချင်း စကားများရန်ဖြစ်ကြရာက ပစ်ခတ်ကြတယ်လို့ သိရတယ်။ သေသွားတာက ရာအိမ်မှူး ကိုစိုးငယ်။ သူက ခေါင်းထိပြီး သေဆုံးတယ်။ ဒဏ်ရာ အပြင်းအထန်ရပြီး သေမလိုဖြစ်နေတာက ရာအိမ်မှူး ဝင်းကိုပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ပစ်ခတ်မှုဖြစ်ပွား၍ သေဆုံးသွားသော ရာအိမ်မှူး စိုးငယ်၏ အလောင်းကို မြ၀တီမြို့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ တင်ပို့ပြီး ဒဏ်ရာရရှိသော ရာအိမ်မှူးမှာလည်း ဆေးရုံတွင် အသက်လု ကုသနေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဦးခေါင်းကျည်ထိ၍ သေဆုံးသွားသော ရာအိမ်မှူး။