စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော

စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော
ထားအိ/People’s Spring

ပြည်ထောင်စုရှေ့နေချုပ်ဆိုသူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။
လတ်တလော လေ့လာတွေ့ရှိရသော အချက်အလက်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ထားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍတွင် အလွဲသုံးစားပြုမှုများ၏ စိုးရိမ်ဖွယ်ရာ အတိုင်းအတာကို မီးမောင်းထိုးပြနေသည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၆ရက်တွင်ကျင်းပသော(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ပြောသည်။ အဆိုပါအစည်းအဝေး အစီအစဉ်အမှတ် ၈၅ – ” ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့် အသုံးချမှု ” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်မှ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု (၄) နှစ်တာကာလထဲသို့ ဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်ထောက်ပြနေသည့် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများကို ယုံကြည်စိတ်ချစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည့် အခြေအနေများ လုံးဝမရှိတော့ကြောင်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို ပြောသည်။
အကြမ်းဖက် စစ်တပ်သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှု များကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည့်အပြင် တစ်ချိန်တည်းမှာပင် ဥပဒေဆိုင်ရာ မူဘောင်များ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့ခြင်းကြောင့် နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတစွာ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း ဆက်လက်ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ အခြေအနေများကို ထည့်သွင်းသုံးသပ်ရာတွင် နိုင်ငံတွင်း ကျူးလွန်နေသည့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာတရားစီရင်ရေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူတို့အပေါ် မှီခိုအားထားရန် လိုအပ်နေသည်ကို တွေ့ရှိရပြီး ယင်းနည်းလမ်းက တရားမျှတမှု ဖော်ဆောင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
လက်ရှိ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီးက ဆက်ပြောသည်။
သို့သော် မြန်မာပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုသည် ယခုအချိန်အထိတိုင် လုံလောက်မှု မရှိသေးကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲအပ်တင်သွင်းရန်၊ ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်းချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် အချက်များကိုလည်း အရေးတကြီး ဆောင်ရွက်ရန် သံအမတ်ကြီးက တောင်းဆိုသည်။
(ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန့်ပြောကြားနေစဉ်)