Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို

by

in

Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို
ရန်ကုန်၊ အောက်တိုဘာ ၁၉
မန္တလေးရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို ယမန်နေ့ ညနေပိုင်း ပစ်ခတ်ခံရကြောင်း မန္တလေးရှိ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းအကြား ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲသံလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ စစ်နှင့်ပျူစောထီးများ လိုက်ပါသော Double Cab စစ်ကားတစ်စီးမှာလည်း အတင်းမောင်းပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတည်ရှိသော နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဂိတ်ချ စစ်ဆေးမှုများ၊ ကင်းလှည့်မှုများ မကြာခဏဆိုသလိုရှိနေရာ ယမန်နေ့ ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားချိန်တွင်လည်း မန္တလေးမြို့ပေါ်တွင် စစ်တပ်နှင့်ပျူစောထီးများ ဂိတ်ချမှုများနှင့် ကင်းလှည့်မှုများရှိနေချိန်ဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ လမ်းများကို စစ်ကောင်စီတပ်များက လာရောက်ပိတ်ဆို့သွားကြောင်း သိရှိရသည်။
“အဲဒီဘက်နားတွေက အင်မတန်လုံခြုံရေးတင်းကျပ်တဲ့နေရာတွေပါ။ မနေ့ည နေ ၅ နာရီ ၅၀ ဝန်းကျင်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ အဲဒါပြီးတော့ ပြည်သူ့စစ်တွေ လိုက်ပါလာတဲ့ DC စစ်ကားတစ်စီး အတင်းမောင်းပြေးသွားတာ။ အခင်းဖြစ်တဲ့နေရာကိုသွားတာမဟုတ်ဘူး။ တရုတ်ကောင် စစ်ဝန်ချုပ်ရုံးနဲ့ ဆန့်ကျင်ဘက်ကို မောင်းပြေးတာ။ အဲဒီဘက်က လာတဲ့သူတွေကို မေးကြည့်တော့မှ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို DC စစ်ကားပေါ်ကနေ ပစ်သွားတာလို့ ပြောကြတယ်” ဟု ယမန်နေ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိရသူတချို့နှင့် စကားပြောခဲ့သော မန္တလေးသားတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ ညနေပိုင်း မန္တလေးတရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနီးရှိ လမ်းများ ယာ ယီ ပိတ်သွားခဲ့ပြီးနောက် ယင်းအနီးအနားသို့ သွားရောက်ရန်ခက်ခဲသွားသဖြင့် ပစ်ခတ်ခံရပြီး နောက်ဆက်တွဲ အခြေအနေများ မသိရှိရတော့ကြောင်း၊ စစ်ကောင်စီနှင့် တရုတ်သံရုံး နှစ်ဖက်စလုံးကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။
မန္တလေးတွင် မဘသများ၊ အမျိုးသားရေးအစွန်းရောက်များနှင့် ပျူစောထီးများက တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးကို MNDAA၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်သွားခဲ့သည်ဟုဆိုကာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ တရုတ်သံရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)