ရန်ကုန်မှာ ဧည့်စာရင်း စည်းကမ်းသတ်မှတ်ချက်စာအုပ်နဲ့ ပြောင်းတိုင်ခိုင်းပြီးနောက် ဧည့်စာရင်းတိုင်ခ နှစ်ဆမြင့်တက်

by

in

ရန်ကုန်မှာ ဧည့်စာရင်း စည်းကမ်းသတ်မှတ်ချက်စာအုပ်နဲ့ ပြောင်းတိုင်ခိုင်းပြီးနောက် ဧည့်စာရင်းတိုင်ခ နှစ်ဆမြင့်တက်
CJ Platform

ရန်ကုန်မြို့မှာ အခုအောက်တိုဘာလ ဒုတိယအပတ်အတွင်းကစလို့ ဧည့်စာရင်းတိုင်ရာမှာ စည်းကမ်းသတ်မှတ်ချက်တွေ အများအပြားရေးသားထားတဲ့ စာအုပ်တွေနဲ့ ဧည့်စာရင်းပြောင်းတိုင်နေရတယ်လို့ ဧည့်စာရင်းနဲ့နေထိုင်သူ‌တွေဆီကနေ သိရပါတယ်။
အရင် ဗလာစာအုပ်နဲ့ ဧည့်စာရင်းတိုင်နေရာကနေ မြို့နယ် ထွေ/အုပ်ရုံးတံဆိပ်တွေအပါအဝင် စည်းကမ်းသတ်မှတ်ချက်တွေထည့်ရေးထားတဲ့ ဧည့်စာရင်းစာအုပ်တွေနဲ့ ရပ်/ကျေးရုံးတွေဆီ သွားတိုင်လာရတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
အဲဒီလိုပြောင်း‌ပေးပြီးနောက် ဧည့်စာရင်းတိုင်ခတွေလည်း မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
အင်းစိန်မြို့နယ်မှာ စာအုပ်ဖိုး ၁၅၀၀ အပြင် အရင် ကျပ် ၅၀၀ လောက်ပဲ ဧည့်စာရင်းတိုင်ခပေးရပေမဲ့ အခုတော့ ၁၀၀၀ ကျပ်ကောက်ခံနေတယ်လို့ သိရပါတယ်။
“တိုင်နေကျဗလာစာအုပ်မှာ ဓာတ်ပုံကပ်ပြီး အဲဒီလိုမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ရက်ကမှ အသစ်သွားတိုင်တော့ စာအုပ်ပြောင်းပေးလိုက်တာ။ အခုစာအုပ်မှာက အိမ်ရှင်/အိမ်ငှားစည်းကမ်းသတ်မှတ်ချက်တွေလည်းပါတယ်” လို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုပြောင်းတိုင်းရတဲ့ ဧည့်စာရင်းစာအုပ်တွေထဲက စည်းကမ်းချက် စာအုပ်ပျက်စီး၊ ပျောက်ဆုံးတာဖြစ်ရင်လည်း သတ်မှတ်ဒဏ်ကြေးပေးဆောင်ရမယ်လို့လည်း ပါရှိပါတယ်။
ရပ်ကွက်အလိုက်ထုတ်ပေးနေတဲ့ ဧည့်စာရင်းစာအုပ်တွေမှာ အိမ်ရှင်/အိမ်ငှား သတ်မှတ်ချက်တွေလည်းပါဝင်ပြီး အိမ်ထောင်စုတစ်ခုမှာ ပါဝင်သူတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းတွေကိုလည်း ဖော်ပြပေးထားရပါတယ်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့မှာ ဧည့်စာရင်းတိုင်ရမယ့်ရက်ကို တစ်ရက်‌လောက်နောက်ကျပြီး လာတိုင်ပါကလည်း အလှူငွေလို့ခေါင်းစဉ်တပ်ပြီး ငွေကြေးအများအပြားတောင်းနေတယ်လို့ တာ‌မွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“တာမွေက အုပ်ကြီးတွေက တော်တော်အလှူခံတာ။ ပုံးနဲ့ကို ချထားတာ။ ထောက်ခံစာလုပ်တာ၊ ဧည့်စာရင်းရက်ကလေးတစ်ရက်လောက်ကျော်ပြီး သွားတိုင်ရင်ရောပဲ။ နည်းနည်းပါးပါးထည့်ခိုင်းတာမဟုတ်ဘူး။ အနည်းဆုံး ငါးထောင်၊ တစ်သောင်းလောက်ကနေ ထည့်ခိုင်းတာ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြို့နယ်တချို့က ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းမတိုင်ထားသူ လူငယ်အမျိုးသားတွေ ရဲစခန်းကိုခေါ်ခံရပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်တာ၊ တစ်ပတ်လောက်အထိ ချုပ်နှောင်ထားတာတွေ လုပ်နေတယ်လို့ အဲဒီရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ မှာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစုံတရာ တောင်းခံခြင်းမပြုရ” ဆိုတဲ့ အချက်ကို ချိုးဖောက်ပြီး အဓမ္မ ငွေကြေးတောင်းခံနေကြပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – လူမှုကွန်ရက်